စက်တင်ဘာ ၂၅ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ်မှာ ၄၉၂၆ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေးအခြေအနေပြင်းထန်မှုနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားကာ သေဆုံး ၊ ဒဏ်ရာရမှုတွေရှိနေ တယ်လို့ နယ်မြေခံတွေအပြောအရ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက်အစော ၂ နာရီကျော်လောက်မှာ ကျောက်တော်မြို့နယ် ၊ ပြည်တော်သာ (၉) လမ်း၊ ပီစိပိုက်သည်ရွာ၊ ဝကင်းရွာ၊ ဒုံးရပ်ရွာနဲ့ နိဒင်ရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ရှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
” ဒဏ်ရာရတာ ရှစ်ယောက်ရှိတယ် ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ကတော့ ဗိုက်ကိုထိထားတာ ဒဏ်ရာပြင်းတယ်သိရတယ်။ ဗုံးအလုံး၂၀လောက်ကြဲသွားတာလို့သိရတယ်။ ” လို့ စစ်ရှောင်တွေကူညီနေသူက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ဇီးကိုင်း ရွာဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
၂၃ ရက်နေ့ညပိုင်းက ပုဏ္ဍားကျွန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးခဲ့သလို စစ်တွေနဲ့ ပုဏ္ဍားကျွန်း မြို့နယ်အစပ်က နေရာတချို့မှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။
ဂွမြို့နယ် ၊ မင်းပြား ၊ပေါက်တောမြို့နယ်တွေမှာလည်း စက်တင်ဘာ ၂၁ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး တယောက်သေကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက်ကလည်း လက်နက်ကြီးကြောင့် ရသေ့တောင်မြို့နယ်မှာ နှစ်ယောက်သေဆုံးခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ကြောင့် တယောက်သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်ကနေ ၁၈ ရက်အတွင်းကလည်း သံတွဲ၊ဂွ ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခုနှစ်ယောက်ထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ရှိ လက်လွှတ်ထားရတဲ့မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်က ၄၉၆ စစ်ဆင်ရေးအမည်နဲ့ စက်တင်ဘာ ၄ ရက်ကစပြီး အင်အားအများအပြားသုံးကာ မြေပြင်စစ်ကြောင်း ၊ လေကြောင်းပစ်ကူ ၊ လက်နက်ကြီးသုံးပြီး ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင် – မကွေးအစပ် ၊ ရခိုင် – ဧရာဝတီ အစပ်ကနေရာတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ပုဏ္ဏားကျွန်းမြို့နယ်မှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
