တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးဖို့ တရုတ်ရဲစခန်းတွေမှာ ညွှန်ကြားထား

စက်တင်ဘာ ၂၆၊ ၂၀၂၆။
NN(VOM)
တရုတ်နိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးဖို့နဲ့ ဖမ်းမိသူတွေကိုလည်း ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ဖို့ တရုတ်နယ်စပ် အာဏာပိုင်တွေက အခုလ ၂၄ ရက်နေ့ကစပြီး သတိပေးစာ ထုတ်ပြန် ထားတယ်လို့ တရုတ်နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။
တရုတ်နိုင်ငံထဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ရန်ဖြစ်တာကနေ လူသတ်မှုတွေအထိ ဖြစ်ခဲ့တာတွေကြောင့် တရုတ်ရဲတပ်ဖွဲ့ဘက်က အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေ ပိုလုပ် တာဖြစ် နိုင်တယ်လို့ နယ်စပ်ရောက် မြန်မာနိုင်ငံသား တချို့က ပြောပါတယ်။
“လူသတ်မှုဖြစ်တာ နှစ်ခါရှိပြီ၊ ပြီးခဲ့တဲ့လက တစ်ခါ ဒီလမှာ တစ်ခါဖြစ်တယ်။ ကျူခုံမှာ ရန်ဖြစ်တာကနေ အချင်းချင်း လူသတ်မှုအထိ ဖြစ်တာ။ အဲကတည်း က တရုတ်ရဲတွေက မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာ ပိုကြမ်းလာတာ” လို့ ကျယ်​ဂေါင်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။
အခုထုတ်ပြန်ချက်ဟာ ရက်ပိုင်းသာ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေကြား သိပ်မသိကြသေးဘူးလို့ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့က ပြောပါတယ်။
တရုတ်နိုင်ငံထဲကို ခိုးပေါက်တွေကနေ အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ဖမ်းဆီးခံရရင် ထောင်ဒဏ် ရက် ၂၀ ကျခံရမှာ ဖြစ်ပြီး တရုတ်ယွမ်ငွေ တစ်သောင်း (မြန်မာငွေ သိန်းခြောက်ဆယ်ကျော်) ဒဏ်တပ် ခံရမယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်ရုံတွေထဲမှာ အထောက်အထားမဲ့ နေထိုင်ပြီး လုပ်ကိုင်နေတဲ့သူ တွေကို တွေ့ရှိရင်လည်း စက်ရုံပိုင်ရှင်ကိုပါ ထောင်ဒဏ် ရက် ၂၀ နဲ့ ဒဏ်ငွေ တရုတ်ယွမ် ခုနစ်သောင်းအထိ တပ်ခံရမယ်လို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားစာမှာ ပါရှိတယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံသား တချို့က သတိပေးနေ ကြပါတယ်။
အခုရက်ပိုင်းမှာ နယ်စပ်ကနေ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲတွေက ပိုမိုဖမ်းဆီးနေတယ်လို့လည်း တရုတ်နယ်စပ်မှာ နေထိုင်သူ တချို့ဆီကနေ သိရပါတယ်။
“အခုက စာထုတ်ပြီဆိုတော့ ပိုပြီးဖမ်းမယ့်သဘောရှိတယ်။ ခိုးပေါက်က ဝင်တဲ့သူတွေကို ပိုဖမ်းမှာလို့ ပြောတယ်။ စက်ရုံမှာ လုပ်တဲ့သူတွေလည်း အထောက်အထား မရှိရင် အဖမ်းခံရမယ်လို့ ပြောနေတယ်။ သတိနဲ့ နေထိုင် လုပ်ကိုင်ကြဖို့ ပြောချင်တယ်” လို့ တရုတ်နယ်စပ် ကျယ်​ဂေါင်မှာ နေထိုင် သူတယောက်က ပြောပါတယ်။
ဖမ်းဆီးထောင်ချခံရတဲ့ သူတွေအနေနဲ့ ချုပ်ရက်ပြည့်ရင် မြန်မာနယ်စပ်ကို ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပြီး တရုတ်ပြည်ထဲ ပြန်ဝင်ခွင့် ပိတ်ခံရတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
တရုတ်နဲ့မြန်မာကြား နယ်စပ်ဂိတ်တွေကန ခုနှစ်သက်တမ်းရှိတဲ့ နိုင်ငံကူးလက် မှတ်တွေနဲ့ အလည်အပတ်အတွက်သာ ဝင်ထွက်သွားလာခွင့်ပြုထားတာဖြစ် ပြီး ဒီလက်မှတ်တွေ သက်တမ်းလွန်နေထိုင်ရင် တရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးတာ ခံရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသား အများစုကတော့ အလုပ်အကိုင်အတွက်ခွင့်မပြုတဲ့ နယ်စပ် ဖြတ်သန်းခွင့် အလည်အပတ် လက်မှတ်တွေကိုင်ဆောင်ပြီး တရုတ်နိုင်ငံထဲ အလုပ်လုပ်နေကြတာကြောင့် တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံနေရတယ် လို့ နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေဆီကနေ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW