စပိန်နိုင်ငံက ရွာတရွာလုံးကို ဒေါ်လာ နှစ်သိန်းခွဲကျော်နဲ့ ရောင်းရန်ရှိသည်

မက်ဒရစ်၊ နို၀င်ဘာ-၁၁-၂၀၂၂
မျိုးဆက်(VOM)

စပိန်နိုင်ငံအနောက်မြောက်ပိုင်းက ဆယ်လ်တိုဒီကက်စ်ထရို ဆိုတဲ့ ရွာတရွာလုံးကို ဒေါ်လာ ၂၅၉၀၀၀ နဲ့ ရောင်းချသွားဖို့ စီစဉ်နေပါတယ်။

အဲဒီရွာဟာ ပေါ်တူဂီနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဇာမိုရာပြည်နယ်မှာရှိပြီး မက်ဒရစ်မြို့ကနေ သုံးနာရီကြာ ကားမောင်းရပြီး မြို့ငယ်တခုမှာရှိသင့်တဲ့ အဆောက်အအုံတွေအားလုံးလိုလိုရှိနေပါတယ်။

ဆယ်လ်တိုဒီကက်စ်ထရိုရွာမှာ နေအိမ် ၄၄ လုံး၊ ဟိုတယ်၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ အများသုံးရေကူးကန် တခုစီရှိပြီး နေအိမ်တွေနဲ့အတူ အလုပ်သမားတွေနေထိုင်ဖို့ တန်းလျားတွေပါ ပါ၀င်ပါတယ်။

ဒါပေမယ့် ဆယ်စုနှစ်သုံးခုကျော် စွန့်ပစ်ခံထားရတဲ့ အဲဒီရွာမှာ နေထိုင်သူတွေမရှိပါဘူး။ ပိုင်ရှင်ဟာ စွန့်ပစ်ထားတဲ့ အဲဒီရွာကို ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလက ၀ယ်ယူခဲ့ပြီး အပန်းဖြေခရီးသွားနေရာတခုအဖြစ် ဖန်တီးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှတော့ အဲဒီရည်ရွယ်ချက်ဟာ အခက်အခဲတွေကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ ပိုင်ရှင်ဖြစ်သူဟာ မြို့ပြဒေသမှာနေထိုင်သူဖြစ်တာကြောင့် ရွာကိုပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်နိုင်တာကြောင့် အခုလိုရောင်းချဖို့ စီစဉ်တာလို့ ပိုင်ရှင်ကိုကိုယ်စားပြုတဲ့ Royal Invest ကုမ္ပဏီက ပြောပါတယ်။

ဆယ်လ်တိုဒီကက်စ်ထရိုရွာကို ရောင်းချဖို့ စျေးနှုန်းသတ်မှတ်ကြေညာပြီးနောက်မှာ စိတ်၀င်တစား ၀င်ရောက်ကြည့်မှု ၅၀၀၀ ကျော်ရှိပြီး ရုရှား၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ဗြိတိန်တို့ကနေ ၀ယ်ယူဖို့စုံစမ်းမေးမြန်းမှု ၃၀၀ ကျော်ရှိကာ ၀ယ်ယူဖို့ အလားအလာရှိသူတယောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီရွာကို လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့ Iberduero က အနီးနားက ရေလှောင်တမံဆောက်လုပ်တဲ့ အလုပ်သမားနဲ့ မိသားစုတွေနေထိုင်ဖို့ ၁၉၅၀ ပြည့်နှစ်အစောပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီနောက် အလုပ်သမားတွေနဲ့ နေထိုင်တဲ့ဒေသခံတွေ ပြောင်းရွှေ့သွားတာကြောင့် ၁၉၈၀ ပြည့်နှစ်အလွန်မှာ ရွာဟာ လုံး၀စွန့်ပစ်ခံခဲ့ရပါတယ်။

Ref; BBC
#voiceofmyanmar #VOM #မက်ဒရစ်

Related posts

Leave a Comment

VOM News

FREE
VIEW