မိုးမောက်မြို့ပေါ်က နေအိမ်ဝင်းထဲ လက်နက်ကြီးကျလို့ လူ တဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၁၊ ၂၀၂၂
Shy V(VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ပေါ်ရှိ နေအိမ်ဝင်းတခုမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပြည်သူတဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေဆီက သိရပါတယ်။

“လက်နက်ကြီးကျတယ်။ အိမ်ဝင်းထဲမှာ။ ခါနန်ရပ်ကွက် ၃ ။ တယောက်ထိတယ်။ အသက်က ၂၃။ ကိုဘရန်အောင်ရဲ့ နေအိမ်ဝန်းထဲမှာ ကျတယ်။ ကံကောင်းလို့ပေါ့။ ခြေထောက်နှစ်ဖက်နဲ့ပုခုံးပဲ ပေါက်သွားတာ။ ပြီးခဲ့တဲ့ ၁ နာရီခွဲခန့်ကျော်က” လို့ အကူအညီပေးနေသူ ၁ ဦး က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသွားတဲ့သူက ဗုံးခိုကျင်းထဲ ပုန်းဖို့ ပြင်နေချိန် နေအိမ်ဝင်းထဲ လက်နက်ကြီးကျလာလို့ လက်နက်ကြီးစ ထိမှန်သွားတာဖြစ်ပြီး လက်ရှိ ဆေးကုသဖို့ ဆေးရုံကို ပို့ဆောင်နေပြီလို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင် တပ်ဘက်က လုံဂျာတောင်ဘက် တက်သွားတဲ့လမ်းဆုံမှာ ဗုံးမိသွားရာကနေ တိုက်ပွဲဖြစ်လာတာဖြစ်ပြီး နေအိမ် ၃ လုံးလောက်လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မီးလောင်သွားတဲ့ နေရာမှာ ဘယ်လောက် ထိခိုက်သွားတာတော့ အခု မသိရသေးဘူး။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

မိုးမောက်မြို့နယ်၊ လုံဂျာတောင်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကစ နိုဝင်ဘာ ၃ ရက်နေ့ခန့်အထိ တပ်နဲ့ ကေအိုင်အေ ပူးပေါင်းအဖွဲ့တို့အကြား ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကာ ၅ ရက်ခန့် စစ်ရေးအခြေအနေ ငြိမ်နေခဲ့ပြီး အောက်တိုဘာ ၉ ရက်နေ့မှာ မိနစ်အနည်းငယ်နဲ့ ဒီနေ့မှာ ၂ နာရီ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့နယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo Crd- CJ
#voiceofmyanmar #VOM #မိုးမောက်

Related posts

Leave a Comment

VOM News

FREE
VIEW