အယ်လ်ဖင်စတုန်းရှေ့၊ ကြေးနန်းရုံ၊ ယောမင်းကြီးဝင်း၊ ဓမ္မဗိမာန်နှင့် ကြေးမုံပြင်

ဆူးငှက်

မကြာမီ လမ်း၈၀သည် ၂၆ဘီလမ်းကို စွန့်စွန့်စားစားဖြတ်ကူးရတော့သည်။ ထိုနေရာသည် တောင်ကျုံးထောင့်ဟုခေါ်သလို ၁၉၃၉ ခုနှစ်ကာလက အပိတ်အဆို့ အတားအဆီးနေရာအဖြစ် ၃၀၃ ရိုင်ဖယ်သေနတ်ကိုင် ဒိုင်းကာနှင့် ဂေါ်ရာစစ်သားများ တန်းစီ နေရာယူခဲ့သည့်နေရာဖြစ်သည်။ မျက်နှာချင်းဆိုင်မှာ
အလံတလူလူနှင့် ၄ယောက်တစ်တွဲ တန်းစီလာသည့် ရဟန်းရှင်လူများ။ မကြာခင် ဂေါ်ရာတပ်ဆီက သေနတ်သံတွေ ထွက်လာသည်။ မျက်နှာချင်းဆိုင်မှာ ရင်ပတ်ဖိကာ လမ်းပေါ် လဲကျနေသူများ။ သို့သော်
အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံပေါက်မှာ လဲကျသည့် ရဟန်းတော်တစ်ပါးလက်က အလံကား မလဲ။ တလူလူလွင့်ဆဲ။ မွန်းတိမ်းကာ ညနေစောင်းလုတော့ ထိုနေရာတွင် Riot ဟု မြေဖြူဖြင့် ကျောက်လမ်းပေါ်ရေးထားကာ သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားလိုက်သည်။ အနောက်ဘက် တစ်ပြစီ တစ်ပြစီမှာလည်း Riot အမှတ်အသားနှင့် သံဆူးကြိုးများက နာရီစင်တိုင်တော့၏။

လမ်း၈၀နှင့် ၂၆ဘီလမ်းထောင့်မှာ ကြေးနန်းရုံးရှိသည်။ ယခင်က တစ်ထပ်ကြးနန်းရုံးကလေး။ လမ်း ၈၀ဘက်မှာ တင်းနစ်ကုတ်။ တတီတီကြေးနန်းသံကို လမ်း၈၀ပေါ်မှပင် ကြားနေရသည်။ ကြေးနန်းရုံး တစ်ထပ်တိုက်လေးထဲမှာ အသက် ခပ်ကြီးကြီး အိန္ဒိယအမျိုးသားတစ်ဦးက အင်္ဂလိပ်စွန့်စားခန်း
ဝတ္ထုတစ်အုပ် ဖတ်နေ၏။ လူသူမရှိ …။

၁၉၈၀ကျာ်မှာတော့ ထိုနေရာမှာ ခေတ်မီအော်တိုဖုန်း
စက်ခလုတ်ရုံကြီးနှင့် ဆက်သွယ်ရေးရုံးကြီး ရှိလာသည်။ ဆယ်လူလာ တယ်လီဖုန်းတိုင်ကြီးက အမြင့် ဆုံး မိုးထိုးလို့ …။ ဖုန်းနံပါတ်ပြောင်း ငါးသောင်း၊ နှစ်အစဖုန်း နှစ်သိန်း၊ သုံးအစ လေးသိန်း၊ ဆယ်လူလာ ခုနစ်သိန်းဟု အပြင်မှာ ဈေးစကားပြောနေကြသည်။ ဆက်သွယ်ရေးရုံး၏ မြောက်ဘက်အပေါက်မှာ ဖုန်းပျက်၍ လိုင်းမင်းကို လာခေါ် သူတွေ …။နိုင်ငံခြားတယ်လီဖုန်း ဆက်လိုသူတွေ။ ကြေးနန်းရိုက်လိုသူ၊ ဖက်စ် ပို့လိုသူ၊ ဖုန်းခွန် လာဆောင်သူ၊ ဗွီအိုင်ပီ ဖုန်းရလိုသူတွေ ရှုပ်ရှက်ခပ်နေ၏။ နောက်တော့ လက်ကိုင်ဖုန်းတွေ အပြင်ပေါက်ဈေးက သိန်းဆယ်ကြီးဂဏန်းပင် ဖြစ်ခဲ့သေးသည်။သို့သော် ထိုစဉ်က ဘယ်သူတွေ ဘာတွေ လိုအပ် လိုအပ်၊ ထိုသူများ အပြန်တွင်ပက္ခဒိန်တစ်စောင် မဖြစ်မနေ ဝယ်သွားကြတာ မြင်ရ၏။

ကြေးနန်းရုံးမြောက်ဘက် ၂၅လမ်းနှင့် ၂၄လမ်းကြား လမ်း ၈၀ အနောက်ခြမ်းမှာ ဝင်းကြီးတစ်ဝင်း ရှိသေးသည်။ ဝင်းကြီးထဲသို့ လမ်း၈၀ဘက်မှ ဝင်ရသည်။ ဝင်းကြီး၏ အနောက်ဘက် အုတ်တံတိုင်း ထိပ်၌ ရှေးအိမ်ကြီး တစ်လုံးရှိသည်။ အိမ်ကြီး တည်ဆောက်ပုံနှင့် အခန်းဖွဲ့စည်းပုံများက ထူးခြားသည်။ အနောက်ဟန် အခန်းဖွဲ့စည်းပုံနှင့် မြန်မာဗိသုကာစနစ် အဆောက်အအုံ …။ ခိုနန်းချိုး အမိုးမှာ ပန်းဆွဲတွေပါတာ မှတ်မိရဲ့။ ဝရံတာ လက်ရန်းမှာ အပြောက်အမွှမ်းတွေပါတာ မှတ်မိရဲ့။ အိမ်က ခြေတံရှည် တစ်ထပ်ဖြစ်သည်။ ။ ခိုင်ခန့်၍ ထုထည်ကောင်းသည့် လက်ရန်းနှင့် အုတ်လှေကားလေးက တက်ကာ
တောင်ဘက် ကပြင်အခန်းမှ တစ်ဆင့် ဧည့်ခန်းထဲ ဝင်ရသည်။ အိမ်ပြတင်းပေါက်တွေမှာ ဝါကျင့်ကျင့် ဖဲသားခန်းဆီးတွေ ကာထားသည်။ ပြီးတော့ စိမ်းရင့်ရောင် စကိုဒါ ကားလေးတစ်စီးလည်း ရှိသည်။
တစ်ခါတစ်ရံ ထိုအိမ်ကြီးဆီမှာ စောင်းသံများ ကြားရသည်။ တချို့ညများ ဆိုလျှင် ကုန်းဘောင်ပရမေ၊
အထူးထူးနှင့် ဘုံပျံနေနန်း ပတ်ပျိုးကြီးများ တီးခတ် ၏။ တစ်ညတလေမှာတော့ …
““ဆောင်ရွှေလယ်ထီးဆီက ရွှေကျီးညိုပြာ ရွှေကျီးညိုပြာ
ပျိုတို့မောင်လာရင် ကြာမနှေးပါစေနဲ့
ပျိုတို့မောင်လာရင် ကြာမနှေးပါစေနဲ့
ပျိုတို့မောင်လာရင် ကြာမနှေးပါစေနဲ့
ပျိုဖြူငယ် ခင်လေး၊ သာလိုက်ပါ သာလိုက်ပါ …””ဟူသော သံဆန်းကလေးကို ထပ်တလဲလဲ၊ အခေါက်ခေါက် အခါအခါ အသံပြောင်း၊ အသံလွှဲအမျိုးမျိုးနှင့် မြူးကွန့်ကာ ကြွကြွကလေး တီးခတ်သော စောင်းသံကို ကြားရတတ်သည်။ရွှေကိုင်းမျက်မှန်တပ် အသားလပ်လပ် ခပ်သွယ်သွယ်ကမစ်လက်ရှည်
ကြယ်သီးစုံတပ်ကာ ခါးပတ် ပတ်ထားသည့် အဖြူပေါ် ချောကလက် ကွက်စင်း ပုဆိုးနှင့် ရုပ်သန့်သန့်
အဘိုးအိုက စောင်းတီးခတ်သည်။ အနားမှာ ပုဆစ်တုပ်၍ စည်းလိုက်နေသူက ခပ်သွယ်သွယ် အရပ်ခပ်ပြတ်ပြတ်၊ အသားညိုညို၊ မြန်မာမျက်နှာပေါက် အပြည့် အဝရှိသော အဘွားအို …။ အဘိုးအိုသည် ရှေ့နေမင်းကြီး ဦးခင်မောင်ဒွေးဖြစ်သည်၊ ယောအတွင်းဝန် ဦးဖိုးလှိုင်၏ မြေး တော်စပ်သည်။ အဘွားအိုက ဇနီး ဒေါ်မေ …။ ဦးခင်မောင်ဒွေး က မဟာဂီတ၏ ဖခင်ကြီးဖြစ်သည်။ ယခု ယောအတွင်းဝန်မင်း၏ မျိုးဆက်အိမ်ကြီးလည်း မရှိတော့။ ဝင်းကြီးတွင်လည်း အထူးကုဆေးတိုက်ကြီး ဖွင့်လှစ်ထားသည်။ မူလပိုင်ရှင် အဆက်အနွယ်များ မဟုတ်တော့တာ သေချာပါသည်။ မန္တလေး မှာ…၊ ယောအတွင်းဝန်မင်း အဆက်အနွယ်များပင် ခြေချခွင့် မသာတော့ …။

၂၄လမ်းနှင့် လမ်း၈၀ထောင့်မှာ စာကြည့်တိုက်နှင့်ပတိုက်ကို ၁၉၅၅ ခု မေ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ရှေးဟောင်းစာအုပ်စာတမ်းမျိုးစုံနှင့် ရှေးဟောင်းပစစည်းများ ခင်းကျင်းပြသထားသည်။ ကျွန်တော်တို့ အမှတ် ၁ အထက်တန်းကျောင်းမှာ ကျောင်းတက်စဉ်က နေ့လယ်ထမင်းစားနားချိန် စာကြည့်တိုက်ထဲသို့ သတင်းစာ သွားဖတ်ဖြစ်၏။ အလင်းရောင်က နည်းသော အဆောက်အအုံဟောင်းကြီးဘေးမှာ ညောင်ပင်ကြီးတွေ ရှိသောကြောင့် အေးစိမ့်နေသည်။ သော့ခတ်ထားသော မှန်ဘီရိုတွေထဲ၌ရှိ စာအုပ်အနှောင့်များက စာအုပ်နာမည်များကို ကြိုးစားဖတ်နေရသည်။
စာကြည့်တိုက်အပေါက်ဝက စာရေးမကြီးသည် တစ်ခါ တစ်ရံ ငိုက်မျဉ်းလျက်။ စာကြည့်တိုက်မှူး ရုံးခန်းထဲတွင် မှန်နိုင်လွန်၊ ဘရိုကိတ် လုံချည်နှင့် ဒေါ်တင်လှ၏ ခပ်ပါးပါးအပြုံးကို လှမ်းမြင်နေရသည်။ ဆယ်တန်းစာမေးပွဲကို ပြင်ပမှ ဖြေရန်အတွက် ပြန်တမ်းဝင်အရာရှိ လက်မှတ်ထိုးရန် လိုသောအခါ ကျွန်တော်သည် ဒေါ်တင်လှထံ အကူအညီတောင်းရာ ချက်ချင်း လက်မှတ်ရေးထိုးပေးပြီး သူတို့ခေတ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြောင်း တရှည်တလျား ပြောပြသည်။ စကားပြော အကောင်း …။
ပြတိုက်ကား ခေတ်မီပုံစံပင်ဆောက်ထား၏။ အလင်းရောင်ကတာ့ ကောင်းကောင်းမရ …။
မန္တလေးမှာ တက္ကသိုလ်စာကြည့်တိုက်ကလွဲလျှင် စာကြည့်တိုက်ကောင်း မရှိ…။ ယခု စာကြည့်တိုက်နှင့် ပြတိုက်ကလည်း အသုံးချဖို့ သိပ်မလွယ် …။ စာသမားများနှင့် အတော်စိမ်းလှသည်။ ဤသို့ဖြင့် စာကြည့်တိုက်သည် လူထုနှင့် ဝေး, ဝေး…. သွားချေပြီ။

ပြတိုက်မှ ၂၄လမ်းကို ကျော်လိုက်တော့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံရှိသည်။၁၉၇၁ ခုနှစ်တွင် မျက်စိ၊ နား၊ခါင်း၊ လည်ချောင်း
အထူးကုဆေးရုံကြီးအဖြစ်ပြောင်းလဲကာ ဖွင့်လှစ်ခဲ့သည်။ ယခင်ကတော့ အမေရိကန် သားဖွားဆေးရုံတဲ့။ သာသနာပြုဆေးရုံဖြစ်သည်။ ယခု ထိုဝင်းနှင့် တဆက်တည်းဖြစ်နေတာက ယခင် နေပြည်တော် အလွတ်ပညာသင်ကျောင်းရှိသည်။ ထိုကျောင်းသည်လည်း စာပေနှင့် ပတ်သက်၍ အစဉ်အလာရှိ
ခဲ့ဖူးသည်။ ယခု ထိုကျောင်းမရှိတော့ …။ ဆေးရုံဝင်း ဖြစ်သွားပြီ။

ဆေရုံ၏ မြောက်ဘက်မှာက ဗိသုကာ ဆရာဆိုင်၏ လက်ရာ မြန်မာမှုပြာသာဒ်ကြီးနှင့် ဓမ္မဗိမာန် အဆောက်အအုံကြီး ရှိသည်။ ထိုအဆောက်အအုံကြီးနေရာက ကိုလိုနီခေတ်ကာလက မစ္စစ်ကွစ် ကုန်တိုက်ကြီးနေရာတဲ့။ ထိုကုန်တိုက်က စန္ဒရားစသော တူရိယာပစ္စည်းများ ရောင်းလည်းရောင်းသည်။ လပေးနှင့် ငှားလည်းငှားသည်။ ထို့ပြင် အနောက်တိုင်း ဂန္ထဝင်တေးကြီးဘွဲ့ကြီး ဓာတ်ပြားအယ်လ်ဘန်များ၊ မြန်မာဓာတ်ပြားများလည်း ရောင်းချသည်ဟု သိရ၏။

ထိုနေရာတွင် ၁၉၅၉ ဝန်းကျင်က တည်ဆောက်ခဲ့သော ဓမ္မဗိမာန်ကြီးကား တစ်ချိန်က အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ ဝါဒသဘောထား ရပ်တည်ချက်များကို ရဲဝံ့ပြတ်သားစွာ ကြေညာရာ နေရာဖြစ်ခဲ့သည်။ မြန်မာစာပေလောကတွင် အငြင်းပွားဖွယ် မှတ်တိုင်များ နှစ်စဉ်စိုက်ထူခဲ့သည့်နေရာလည်းဖြစ်၏။ ထိုအချိန်ကာလသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီအရေးအတွက် စုစည်းရပ်တည်ကာ တစ်သံတည်း ထွက်၊ တစ်သဘောတည်း ပြောဆိုခဲ့ကြရာ နေရာလည်းဖြစ်၏။ ထိုကဲ့သို့ အစဉ်အလာကို ယနေ့ထက်တိုင် သတိတရ ရှိနေဆဲဖြစ်သည်။

သို့သော် ယနေ့ မန္တလေးကား စာပေနှင့်ပတ်သက်လျှင် တစ်ဦးချင်းစီကပဲ ပြောဆိုရေးသားနေကြပါသည်။ ဓမ္မဗိမာန်မှာလို စာတမ်းမျိုးတော့ မရှိတော့ …။ ထိုအခါ တစ်ဦးချင်းစီ၏ သဘောထားကို ယခင်ကလို အပေါင်းအစု၊ တစ်ဖွဲ့တစ်စည်း၏ အာဘော်အဖြစ်တော့ မှတ်ယူ၍ မရတော့ …။ ဓမ္မဗိမာန်သည်လည်း လမ်းအချဲ့ မှာ တစ်ဝက်ပါသွား၏။

ဓမ္မဗိမာန်၏မြောက်ဘက်မှာက ၂၃လမ်းရှိပြီး ထိုမှ မြောက်လားသော် လမ်း၈၀နှင့်၂၂လမ်းဆုံရာကား အာဠဝီတံတား ရှိ၏။ နန်းမြို့တွင်းသို့ အနောက်ဘက်မှ ဝင်သော အပေါက်ဖြစ်သည်။ မြို့တွင်းမှ သေသောသူကို ထုတ်ဆာင်ရာ အ,မင်္ဂလာတံခါးဖြစ်၍ မရဏဿတိကမ္မဌာန်းကို မှန်ကြေးမုံပြင်ကဲ့သို့ “အာရုံပြုကြကုန်လော့၊ ရှုကြကုန်လော့” ဟူသော
အထိမ်းအမှတ် “ကြေးမုံတံခါး”၊ “ကြေးမုံတံတား” ဟု သမုတ်ခဲ့သည်။ သို့သော် အမရပူရမြို့ဟောင်းတုန်းက နာမည်ဟောင်း အာဠဝီတံခါးကိုပဲ နူတ်ကျိုးခေါ်ဝေါ်နေကြတာ ယနေ့ထိဖြစ်သည်။

သြော်… ၄ပြမျှသာသော ပြ၂၄၀၀ ဝန်းကျင်တွင် သမိုင်းဖြတ်ပိုင်းတွေက တနင့်တပိုးဖြစ်တော့သည်။ ထိုသမိုင်းတွေကို သိရန် လိုအပ်ပါသလား။ မသိလို့ မဖြစ်၊ သိကြရမည်။ ဒါမှ မ အ ကြမှာ ဖြစ်သည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW