ချောင်းဦးနယ် ကံကြီးကုန်းကျေးရွာမှာ နေအိမ် တစ်ရာကျော် မီးလောင်၊ တဦးသေ သုံးဦးပျောက်ဆုံး

ဒီဇင်ဘာ ၊ ၂၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၂၅ရက် ၊ ညနေပိုင်းကစလို့ ညပိုင်းအထိ ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်ကစပြီး ရွာထဲကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ် ၊ ည ၇ နာရီလောက်ရောက်တော့ ရွာစွန်ကအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ အိမ်ခြေ ၁၀၂ အိမ် မီးလောင်ပျက်စီးတယ် ၊ ရွာသား ၁ ဦး မီးရှို့ခံရတယ် ၊ နောက်ပြီး အရှင် ၃ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဖမ်းခံရတဲ့ သူ ၃ ယောက်ဟာ ဒီမနက်အထိ ဆက်သွယ်မရသေးဘူး “လို့ ကံကြီးကုန်းရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က. ” ကံကြီးကုန်းရွာမှာ အခြေပြုထားတဲ့ လုံခြုံရေးအဖွဲ့ကို လူအင်အား ငါးရာကျော်လောက်နဲ့ လာဝိုင်း တိုက်တယ် ၊ ည ၇ နာရီဝန်းကျင်မှာ ရွာစွန်မှာရှိတဲ့ အိမ်တွေကို မီးရှို့ပြီး ၊ ဘုန်းကြီးကျောင်းမှာ အခြေပြုတဲ့ လုံခြုံရေးအဖွဲ့ကို ဝင်တိုက်တယ် ၊ ရွာခံ တယောက်တော့ သေတယ် ၊ ရဟတ်ယာဥ်နဲ့ ပစ်ကူ ပစ်ပေးတာကြောင့် ရန်သူ့အလောင်း ၂ လောင်းရတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းကလည်း ချောင်းဦးမြို့နယ် ၊ အမြင့်ကျေးရွာမှာ ရှိတဲ့ ရဲကင်းစခန်း အတိုက်ခံရပြီး ရဲတယောက် သေဆုံးခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW