ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပုဒ်မ၂ ခုနဲ့ အမှုဖွင့်ထား

ဒီဇင်ဘာ ၂၉၊ ၂၀၂၂
Shy V (VOM)

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပုဒ်မ၂ ခုနဲ့ အမှုဖွင့် ခံထားရကြောင်း နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

“ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်ဘက်က အရေးယူဖို့ ပြင်ဆင်နေကြတယ်။ မြစ်ကြီးနားမှာ ဟုတ်တယ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က မတရားအသင်းအက်ဥပဒေ ပုဒ်မ-၁၇ (၁) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ တို့နဲ့ ဖမ်းဆီးခံရပြီး ၂၃ ရက်မြောက်နေ့ မနေ့ ၂၈ ဒီဇင်ဘာ ရက်က မြစ်ကြီးနားမြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူဖို့ လုပ်ကြတာ”လို့ KBC မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

KIA ဗဟိုဌာနချုပ်လိုင်ဇာသို့သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တက်ရောက်ဆွေးနွေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မြစ်ကြီးနားရဲစခန်းမှ (ပ) ၂၀၀/ ၂၀၂၂ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) နဲ့ ဒီဇင်ဘာလ ၂၈ ရက်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မိသားစုဝင်အနေနဲ့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထားတာကို လက်ခံပေမယ့် လက်ရှိထိတော့ တွေ့ဆုံခွင့် မရသေးဘူးလို့ မိသားစု အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ရဲ့ အတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌ ‌တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ KBC အကြံပေးပုဂ္ဂိုလ်ဖြစ်ကာ ကချင် ဘာသာရေး အမှုတော်ဆောင် တဦး ဖြစ်သလို ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးတွေမှာ ဦးဆောင်‌နေသူဖြစ်ပါတယ်။

အသက် ၆၅ နှစ် အရွယ်ရှိ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံ medical check up လုပ်ဖို့ သွားစဉ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)က အခုလ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်ရိုးရာ ယဉ်ကျေးမှုနဲ့ စာပေ အဖွဲ့ချုပ်၊ ကချင်ပြညနယ် အရပ်ဖက်အဖွဲ့ အစည်းများ၊ American Baptist Churches USA၊ World Kachin Congress တို့ကလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုပြန်လွှတ်ပေးဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

Photo Crd- Original Uploader
#voiceofmyanmar #VOM #KBCရဲ့အကြံပေးပုဂ္ဂိုလ်ဒေါက်တာခလမ်ဆမ်ဆွန် #ပုဒ်မ၂ ခုနဲ့အမှုဖွင့်ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW