ကယားပြည်နယ်နေ့ အခမ်းအနား လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး ၊ ၁၀ ဦးဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၄ ၊ ၂၀၂၃
SP ( VOM)

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်တဲ့ ၇၁ ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အခမ်းအနား တက်ရောက်သူ ပရိတ်သတ်ထဲက လူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေဆီက သိရပါတယ်။

“ဒီမနက် ၇ နာရီခွဲဝန်းကျင်က ပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲ ကျင်းပနေတဲ့အချိန် ၆၀ မမ လက်နက်ကြီးနဲ့ ၆ ချက် ပစ်ခံရတယ် ၊ အဲ့ဒီ လက်နက်ကြီး ကျည်တွေက ပြည်နယ်ခန်းမနားက ဥတ္တရာရုံ ဘုန်းကြီးကျောင်းနားက လူနေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲတယ် ၊ အခမ်းအနား တက်ရောက်လာတဲ့ ပရိတ်သတ်ထဲက အရပ်သား ၂ ဦး ၊ ကျောင်းသား ကျောင်းသူ ၆ ဦး ၊ ရဲ ၂ ဦး ဒဏ်ရာရတယ် ၊ အဲ့ဒီ အပြင် လူ ၁ ဦး သေဆုံးတယ်”လို့ လွိုင်ကော်ဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို လုံခြုံရေးအဖွဲ့က ချက်ချင်း စစ်ဆေးရုံကို ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

အဲ့ဒီ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် ပြည်နယ်နေ့ အခမ်းနားကို အလျင်အမြန် ကျင်းပခဲ့ပါတယ်။

လွိုင်ကော်မြို့မှာ ဒီကနေ့ မနက်ပိုင်း လက်ရှိအခြေအနေကတော့ မြို့နေရာအနှံ့ လုံခြုံရေးတွေ ထူထပ်စွာချထားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #လွိုင်ကော် #ကယားပြည်နယ်နေ့အခမ်းအနား #လက်နက်ကြီးပစ်ခံရ #လူတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW