ဇန်နဝါရီ ၂၅ – ၂၀၂၃
GG(VOM)
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းက နေအိမ်တအိမ်မှာ ဒီနေ့ဇန်နဝါရီ ၂၅ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်ပိုင်ရှင်အပါအဝင် လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” တိုက်အိမ် ၂ထပ်အိမ်မီးလောင်တာ၊ သေတဲ့အထဲ အိမ်ပိုင်ရှင်နဲ့သူ့သားလည်း ပါတယ်။အိပ်ပျော်နေချိန်လောင်တဲ့ပုံပါ။ သေတာက ကျား၁ မ ၃ ယောက်ပါ ၂ နာရီ ထိုးပြီးလောက်မှာ လောင်တာ”လို့ ဒေသခံတဦးကပြောပါတယ်။
နေအိမ်မီးလောင်မှုကြောင့် သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ အသက် ၉၀ နှစ်အရွယ် ဒေါ်ရိုစီ ဆိုသူနဲ့ သားဖြစ်သူ ဦးသက်ကိုဝင်း အသက် ၅၀ နှစ်နဲ့ လူနာပြုစုဖို့ ငှားထားတဲ့ သူနာပြုတွေဖြစ်တဲ့ မသပြေ အသက် ၁၈ နှစ် နဲ့ မဇင်ငြိမ်းအေး အသက် ၃၀ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးနဲ့ ဘာကြောင့် မီးလောင်သလဲဆိုတာကိုတော့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနက စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီမီးလောင်မှုကို Level 1 အဆင့်နဲ့ မီးသတ်ကား ၁၀ စီး၊ရေသယ်ကား ၇ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မီးကိုတော့ မနက်၂ နာရီ ၅၀ မှာ လုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု #လူလေးဦးသေဆုံး