ပခုက္ကူမြို့မှာ ချောက်မြို့က စီးပွားရေးလုပ်ငန်းရှင် ၃ ဦး အသတ်ခံရပြီး သိန်း ၁ ထောင်နဲ့ ကား ၁ စီး ပါသွား

ဇန်နဝါရီ ၊ ၂၇ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ မြို့သစ်ရပ်ကွက် ၊ ရွှေတန့်တစ်လမ်းမှာ မနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက လူသတ် လုယက်မှုဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ရွှေတန့်တစ်လမ်းမှာ လည်လှီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၃ လောင်းတွေ့ရတယ် ၊ အသတ်ခံရသူတွေဟာ ချောက်မြို့က စီးပွားရေး လုပ်ငန်းရှင် ၃ ဦးဖြစ်တယ် ၊ အလောင်းတွေကိုတော့ ပခုက္ကူ ပြည်သူ့ဆေးရုံဆီ လူမှုကူညီရေးအဖွဲ့တွေက ပို့ဆောင်ပေးထားတယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” လူသတ် လုယက်ခံရသူတွေက ချောက်မြို့ ၊ အမှတ် ၁ ဗဟိုသစ်ရပ်ကွက်မှာနေတဲ့ သားသတ်လုပ်ငန်းရှင်တွေဖြစ်တယ် ၊ ဦးအောင်ကျော်ဦး ၊ ဦးရှဖီ ၊ ဦးမြင့်ဌေး နဲ့ ဦးအာသန် တို့ ၄ ဦးဟာ ချောက်မြို့ကနေ ပခုက္ကူမြို့ ၊ မြန်မာ့စီးပွားရေး ဘဏ်ကို သားသတ်လုပ်ငန်းလိုင်စင် လေလံဆွဲဖို့ ပိုက်ဆံသွင်းဖို့ လာတယ် ၊ အဲ့ဒီ လူ ၄ ဦးထဲမှာ ၊ ဦးအောင်ကျော်ဦး ၊ ဦးရှဖီ ၊နဲ့ ဦးမြင့်ဌေး တို့ ၃ ဦးဟာ လည်လှီး သတ်ဖြတ်ခံရပြီး ဦးအာသန်ဆိုသူကတော့ ပိုက်ဆံ သိန်း ၁ ထောင် ၊ အိမ်စီးကား ၁ စီးနဲ့အတူ ပျောက်ဆုံးနေတယ် ၊ လူသတ်လုယက်မှုဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီကိစ္စကို ပခုက္ကူခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရေစကြိုနယ်ကနေ ပခုက္ကူမြို့ကို ကြက်သွန်နီ လာပို့တဲ့ ကြက်သွန်ပွဲစား သားအဖ ၂ ယောက်ဟာ ရေစကြို-ပခုက္ကူလမ်းတနေရာမှာ လည်လှီးသတ်ဖြတ်ခံရပြီး ကြက်သွန်နီ ကား ၁ စီး ပျောက်ဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

ပခုက္ကူခရိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက လူသတ်လုယက်မှု ဖြစ်စဥ် အကြိမ်ရေ ၂၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေနဲ့ ဘုန်းကြီးတွေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #စီးပွါးရေးလုပ်ငန်းရှင်သုံးဦး #ချောက်မြို့ #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW