ဆူးငှက်
မန္တလေးသားတွေကို အခြားမြို့သားများက ကျီစယ်လိုကြသောအခါတွင် အိမ်နံပါတ်၊ လမ်းနံပါတ်နဲ့ မေးလို့မြန်းလို့မရတဲ့ လူတွေဟု ပြောတတ်ကြသည်။ ဟုတ်တော့လည်းဟုတ်သည်။ ယခင်က မန္တလေးမှာ အိမ်နံပါတ်၊ လမ်းနံပါတ်နှင့်ပြောလို့မရ။ ““မြောက်ပြင် မောင်းထောင်ဝင်းထဲကလေ””၊ “ညောင်ပင်ဈေး ဒေါက်တာဂူးဝါးနားပေါ့””။ ““သို့ ဦးထွန်းကြွယ်၊ဆီဝင်းရပ်၊ အိမ်တော်ရာတောင်ပေါက်””။ “ကာတစ်တိုက်နားဆိုင်က””စသည်ဖြင့်သာ ပြောကြညွှန်းကြသည်။ ယုတ်စွအဆုံး စာထည့်ကြရသည်။ သည်လိုစာမျိုးကိုလည်း မန္တလေးသား စာပို့လုလင်များက ရောက်အောင် ပို့နိုင်ကြသည်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဦးကြီးတစ်ယောက်ကို ကြီးဒေါ်က ဤသို့ခိုင်းဖူးသည်။
“ဝါးတန်းရောက်တော့ ခတ္တိယဝင်းထဲ ဝင်လိုက်။ အရှေ့ပေါက်ရောက်ရင် ရုံတော်ကြီးဖြတ်ပြီး ရှင်ဘို့မယ်အပေါက်ဝင်။ ပြီးမှ ယိုးဒယားဝင်းသွားပေါ့”တဲ့။ ထိုအခါ ဦးကြီးက““ဟာ – အုန်းရင်ကလည်း ငါ မန္တလေးသားပါဟ။ ယိုးဒယားဝင်းသွားဆို သွားတတ်ပါတယ်။ နင့်ဟာလျှာရှည်ရန်ကော””ဟု ဆူငေါက်၏။ ကျွန်တော်တို့ (၂၉)လမ်းမှာနေစဉ်က ဖြစ်ပါသည်။
ငယ်စဉ်က ဦးလေးတစ်ယောက်သည် အမေ့အား ““ဒီနေ့ဘာဟင်းချက်သလဲ””ဟု မေးသောအခါ အမေက ““နေ့စဉ်အလုပ်ဆိုတော့ ဘာချက်ရမှန်းကိုမသိပါဘူး မောင်ဘထွန်းရယ်””ဟု ညည်းညူလျှင် ““ ဟ တောထဲမှတ်လို့၊ ရုံတော်ကြီးသွားပြီး အစိမ်းကြော် တစ်ပွဲဝယ်လိုက်””ဟု ပြောတတ်သည်။ ထိုစကားကား ထိုစဉ်က ဟာသဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လက်လုပ်လက်စားများနှင့် ရုံတော်ကြီးက စားပွဲရုံတွေ၊ ဟိုတယ်ကြီးတွေမှာ မည်သို့မျှ မအပ်စပ်သောကြောင့် ဖြစ်ပါသည်။ အစိမ်းကြော်ဆိုတာ သုံးနှစ်နေမှ တစ်ခါ စားရဖူးသည်မဟုတ်။ ဒါတောင် စေတနာရှင် ပေါ်ပေါက်မှဖြစ်သည်။ ရုံတော်ကြီးဆိုတာနှင့် ဘယ်နေရာဆိုတာ တန်းသိသည်။ ၈၄လမ်း ၂၈လမ်းနှင့် လမ်း၃၀ကြားနေရာကို ခေါ်သည်။ ဒီခေတ်တော့ သိတော့မှာ မဟုတ်တော့။
အင်္ဂလိပ်ခေတ်ကတည်းက ၈၄လမ်းနှင့် ၂၉လမ်းထောင့်မှာ မန္တလေးစားပွဲရုံ ဟူ၍ ရှိသတဲ့။ ၁၉၆၀ကျော်တွင် အစိုးရက တောင်ဘက်ကျုံးဘေး၌ မန္တလေးဟော်တယ်ဟု တည်ဆောက်သောအခါ ၈၄လမ်းက မူလ မန္တလေးစားပွဲရုံကို နာမည်ပြောင်းစေသောအခါ ရုံတော်ကြီး စားပွဲရုံဟု ပြောင်းကာ အမည်တွင်ခဲ့သည်။ ရုံတော်ကြီးမှာ ကိန်ကြည်၊ ရှမ်းပင်၊ ပတ်ကား၊ တုံငှာ စသော ဟိုတယ်စားသောက်ဆိုင်ကြီးများလည်း ၁၉၈၄ ခု၊ မီးကြီးမလောင်ခင်ကအထိ ရှိခဲ့ဖူးပါသည်။ မန္တလေးမှာ ထိုအချိန်ကအထိ ဟိုတယ်ပျော်ပွဲစားရုံဆိုတာ သည်နေ့ သည်မျှပဲ ရှိပါသည်။ ညရောက်တော့(၂၉)လမ်း ရုံတော်ကြီးထောင့်မှာ အမဲပေါင်း ငါးပေါင်းဆိုင်၊ ဆီချက်ခေါက်ဆွဲဆိုင်၊ အန်ကွေ့ကျီဆိုင်၊ ဖက်ထုပ်ကြော်ဆိုင်တွေ အောက်လင်းဓာတ်မီး တထိန်ထိန်ဖြင့် ဖွင့်လှစ်ကြပါတော့သည်။
၂၉လမ်းထောင့်မှာ ဝက်သားပေါင်းနှင့် ပေါက်စီနာမည်ကြီးသော ထိုင်စိန် ကဖေးရှိသည်။ လက်ဖက်ရည်လည်း အတော်ကောင်း၏။ ကျွန်တော်ငယ်စဉ်ကတည်းက ဦးလေးများ၏ ပုဆိုးကိုဆွဲကာ စက်ဘီးရှေ့ဘားတန်းပေါ် ခုံတက်ပြီး ထိုင်စိန်ကဖေးသို့ လိုက်နေကျဖြစ်သည်။ ဦးလေးတွေထိုင်နေကျ ၂၉လမ်းဖက်အခြမ်း ထိုင်စိန်ကဖေး၏ မြောက်ဘက် သံဆန်ကာကွက် ကာရံထားသည့် ဝရံတာလေးအောက်မှာ နာမည်ကျော် ဒေါ်စိမ်းရုံ ခေါက်ဆွဲဆိုင်ရှိသည်။သည်နေရာမှာပဲ ဒေါ်စိမ်းရုံဆိုင် မထွက်သည့် အချိန်မှာ သင်းစပယ် ဆီချက်ဆိုင်ဖွင့်သည်။ အရှေ့ဘက် ကပ်လျက်က မုံရွာထမင်းဆိုင် ရှိသည်။
ဒေါ်စိမ်းရုံဆီချက်ခေါက်ဆွဲဆိုင်နောက်က မိုးအလင်း လက်ဖက်ရည်ဆိုင်က ထောင့်စားပွဲမှာ ထိုင်နေသည့် မိတ်ကပ်ထူထူ၊နူတ်ခမ်းနီရဲရဲ၊ အမောက်တထောင်ထောင်၊ ဇာအင်္ကျီပါးပါး၊ ဖဲလုံချည်နှင့် အသက်ကြီးကြီး မိန်းမတစ်ယောက်သည် “ညဉ့်ငှက်””ဟု ဆို၍ တအံ့တသြ လှမ်းကြည့်ဖူးပါသည်။ ခဏနေတော့ ဆိုက်ကားတစ်စီးပေါ် ကော့ကော့ကြော့ကြော့နှင့် တက်လိုက်သွားသည်။ ထိုစဉ်က ညဉ့်ငှက်သည် အခုလို ကလစ်တွေ၊ မတ်တူးတွေ မစီးတတ်။ ဆိုက်ကားပဲ စီးတတ်ပုံရ၏။ ရှမ်းပင်စားပွဲရုံဘေးက အရက်ဖြူဆိုင်ရှေ့မှာ အမူးသမားတွေရန်ဖြစ်နေကြသည်။ စင်စစ်““ရုံတော်ကြီး””ဟူသည် ၁၂၄၀ ခုနှစ်ကတည်းက ပေါ်ပေါက်သတ်မှတ်ခဲ့သော မြန်မာစကားစစ်စစ် ဖြစ်၏။
“ယင်းသည် တပေါင်းလ(၁၂၄၀)ခု ရွှေမြို့တော်အတွင်း ထီရုံတည်ပြီးလျှင် တစ်လက်မှတ်ကို ငွေဒင်္ဂါး ငါးကျပ်ကျ ထည့်ဝင်စေ၍ လက်မှတ်ပေါင်း တစ်သောင်း နှစ်ထောင်၊ ငွေခြောက်သောင်း ပြည့်သောအခါ ထီ ဖွင့်လှစ်ပြီး ကာလ၊ အောင်ဘာလေရွှေသီးနှင့် တိုက်ဆိုင်သူ ဂဏန်းရှင်ကို ခိုင်ငွေတစ်သောင်းနုတ်၍ ကျန်ငွေ ငါးသောင်းပေးပြီးလျှင် သူဌေးအရာ ခန့်ထားကာ နိုင်ငံတော်အတွင်း ပစ္စည်းပေါများသော သူဌေးအများ ပေါ်ထွန်းနိုင်ရန်ရှိကြောင်း မှူးတော်၊မတ်တော်တို့ ညှိနှိုင်း တိုင်ပင်၍ အမိန့်တော်မြတ်ခံပြီးလျှင် ရွှေမြို့တော် အနောက်ပြင် ဈေးကြိုကြီးတောင်ဘက်ထောင့် ကိုးခန်း အုတ်တိုက်ကြီးတွင်””ဟု ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌ ပါသည့်အတိုင်း အောင်ဘာလေထီများ စတင် ဖွင့်လှစ်ခဲ့ရာနေရာမို့ ထီရုံတော်ကြီး။ ရုံတော်ကြီးဟု အမည်တွင်ခဲ့သည့်နေရာ ဖြစ်လေသည်။ ယခုထိုနေရာသည် ရတနာပုံမြို့သစ်၊ ကံသာယာ မြို့သစ်၊ စက်မှုမြို့သစ်၊ အောင်ပင်လယ်မြို့သစ်များသို့ ပြေးဆွဲသော ဘတ်စ်ကားလိုင်းများ ဆုံရာဖြစ်သည်။ ညနေစောင်းလျှင် အလုအယက်၊ အပြေးအလွှား၊ အပြည့်အသိပ်၊ အမောက်အလျှံတင်ကာ ကားသံ၊ လူသံများ ဆူညံနေသောနေရာဖြစ်သည်။ မွန်းလွဲသည်မှစ၍ ညနေစောင်း မိုးစုပ်စုပ်ချုပ်ထိ ကားတွေတရကြမ်းအတောင့် လိုက်ဖြစ်နေသော်လည်း မည်သည့် လမ်းရှင်းတာဝန်ကျမျှ မရှိပါဘဲ မန္တလေးသားပီသစွာ နားလည်မှုယူကာ မောင်းနှင်သွားလာကြသော အချက်အချာနေရာဖြစ်သည်။
ညနေဈေးတန်းကလည်း (၂၉)လမ်းထိပ်မှစကာ (၈၄)လမ်းတစ်လျှောက်(၂၇)လမ်းအထိ ခင်းကျင်းသည်။ သည်နေရာမှာ နံနက် ၄ နာရီမထိုးခင်ကတော့ ထီးထိုင်ဈေး၊ ကိုင်းတန်းဈေးလာ ကုန်စိမ်းသည်တွေ၊ခေါင်းရွက် ဗျပ်ထိုးတွေ၊ ပျံကျဈေးသည်တွေက ဘတ်စ်ကား အသီးသီးဖြင့် (၂၉)လမ်းမှာ ဆင်းကြသည်။ ထိုနေရာမှာပဲ လက်တွန်းလှည်း ချယ်ဂါရီတွေက
တသီတတန်းကြီး စောင့်နေကြ၏။ အရှိန်ဖြင့်မောင်းလာသော ကားသံ၊ လူသံ၊အော်ဟစ်သံ၊ လက်တွန်းလှည်းသံ၊ ဟွန်းသံများ စီစီညံနေ၏။
၁၉၈၀ ဝန်းကျင်တွင် (၂၉)လမ်း၏ (၈၃၊၈၄) လမ်းကြားက ယခင်စားသောက်ဆိုင်ကြီးတွေနေရာမှာ တည်းခိုခန်းတွေ၊ ကက်ဆက်ရေဒီယိုပစ္စည်း လက်ကားဆိုင်ကြီးတွေ၊ စက်ဘီးပစ္စည်း လက်ကားဆိုင်ကြီးတွေ၊ လက်ဖက်ခြောက်တိုက်တွေ၊ ဗီဒီယိုအခွေငှားဆိုင်တွေ ဖြစ်လာတော့သည်။
၁၉၈၀ ဝန်းကျင်ကာလက (၈၃)နှင့်(၂၉) လမ်းထောင့်မှာ အဏ္ဏဝါအအေးဆိုင် ရှိပါသည်။ အဏ္ဏဝါသည် စတင်ဖွင့်လှစ်စဉ် ကာလက မီးမှိန်မှိန် အပြာရောင်၊ မှန်ခန်းရေရိပ်၊ကျောက်ခက်၊မှော်ပွင့်၊ အမြီးဖွားအလှငါးနှင့် သဘာဝကို တိုက်ထဲထည့်ထားသည့် အအေးဆိုင်ဖြစ်၍ အချစ်ကဲ့သို့ နူးညံ့မှုနှင့်သာ ထိုက်တန်သောအခါ အထက်တန်းလွှာ ချစ်သူစုံတွဲများ နိုင်ငံခြား သံဘူးအချိုရည်သောက် အနားယူရာနေရာဖြစ်သည်။ ထိုနေရာမှာပဲ စစ်ကိုင်းကားအဆင်း ချည်ထုပ်၊ ကုန်ထုပ်များ ထမ်းပိုးကာ အမောအပန်း ပြန်လာသူများအတွက်လည်း အဏ္ဏဝါခြေရင်းမှာ၊ အဏ္ဏဝါ၏တစ်ဖက်မှာ မြင်းဖြူလည်းစီးလို့ရသည်။
ကော်နီလည်း မော့လို့ရသည်။
(၈၂)လမ်းနှင့်(၈၃)လမ်းကြား(၂၉)လမ်းမှာ ယခင်က ဒေါ်ရုပ်ဆိုးမူလတန်းကျောင်းရှိသည်။ ၎င်းနှင့် မျက်နှာချင်းဆိုင် ဗလီအရှေ့ဘက်မှာက ပြည်သူ့စာကြည့်တိုက် ရှိခဲ့ဖူးသည်။ မန္တလေး၏ အကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒဂုန်တာရာတို့၏ အချစ်ဆုံးရဲဘော်ကြီး သခင်ဗဟိန်းတည်ထောင်ခဲ့သော စာကြည့်တိုက်ဖြစ်သည်။ နောက်ပိုင်းတွင် စာကြည့်တိုက်ကြီးမှာ ပျက်စီးပျောက်ကွယ်သွားသည်။
ထိုစဉ်က (၂၉)လမ်းနှင့်(၈၂)လမ်းထောင့်မှာ ဝှာရုံဓာတ်ပုံတိုက်ရှိသည်။ ဝှာရုံသည် တရုတ်အမျိုးသားပိုင် ဓာတ်ပုံတိုက်ဖြစ်သော်လည်း သံဃာတော်များအတွက် ကိုယ်တစ်ပိုင်းဓာတ်ပုံဆိုလျှင် ဝှာရုံမှ ဝှာရုံပဲ စိတ်ချကြရသည်။ ဓာတ်ပုံဆရာ တရုတ်ကြီးသည် သင်္ကန်းကို ဝိနည်းနှင့်လည်းအညီ ဓာတ်ပုံအရ အချိုးလည်းကျ၊သေသပ်ကျနစွာ ရုံပေးတတ်သည်။ သူ့တိုက်ကရိုက်သော သံဃာတော်ပုံသည် တခြားတိုက်က ဘယ်လိုမှယှဉ်မရ။ မန္တလေးမှာ စာသင်စာတက်ဖူးသော ရဟန်းသံဃာမှန်သမျှ ဝှာရုံမှာ ဓာတ်ပုံရိုက်ဖူးကြပါသည်။ ဝှာရုံနှင့်မျက်စောင်းထိုး တောင်ဘက်တန်းတွင် သုံးငါးဘီစကွတ်ရှိသည်။ ဆိတ်နို့ဘီစကွတ်၊ ဂိုးလ်ဒင်းပတ်စသည်များ နာမည်ကျော်၏။
(၂၉) လမ်းနှင့် (၈၃) လမ်းတာင်ဘက်ထောင့်မှာ ကြယ်သုံးလုံးတိုက်ရှိ၏။ သုံးထပ်တိုက်ဖြစ်သည်။ ယခင်က ကြယ်သုံးလုံး သုံးထပ်တိုက်ကြီးကို ဒေါင်းရိုးရပ်က လှမ်းမြင်ရသည်။ အခုတော့ သူ့ဘေးမှာ ငါးထပ်၊ခြောက်ထပ်၊ ရှစ်ထပ်တိုက်တွေ အစီအရီ၊ ကြယ်သုံးလုံးသည် ယခင်ကတော့ နာမည်ကျော်ဆပ်ပြာ၊ မန္တလေးမှာ ကြယ်သုံးလုံးပဲ သုံးကြသည်။ ကြယ်သုံးလုံး၏ အရှေ့ဘက်မှာ စားသောက်ဆိုင်တွေဖြစ်နေ၏။ ထမင်းဆိုင်၊ ရှမ်းစားသောက်ဆိုင်၊ရေခဲမုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မျက်နှာချင်းဆိုင်မှာက ကိန်ကြည်ဟိုတယ် ဖွင့်လှစ်ထား၏။ ယခင်က ရုံတော်ကြီးမှာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် (၂၉) လမ်းနှင့် (၈၁) လမ်းထောင့်မှာ ဗဟိုမီးသတ်ရှိပါသည်။ မန္တလေးမီးသတ်ဌာနကို ၁၈၉၈ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ မန္တလေးမီးသတ်ကို စတင်တည်ထောင်စဉ်က တာဝန်ခံဗိုလ်မှာ မစ္စတာဝီလကင်ဆင်ဖြစ်ပါသည်။ ထိုစဉ်က မီးသတ်စက်မှာ ရေနွေးငွေ့နှင့် မောင်းနှင်ရပြီး မြင်းများနှင့်ဆွဲရ၏။ ထို့ကြောင့် မီးငြှိမ်းသတ်ရာတွင် ခက်ခဲနှောင့်နှေးတတ်လေသည်။ ၁၉၁၇ ခုနှစ်တွင် ဈေးချိုတော် ဂိုဒေါင်ဘေး တောင်ဘက်တိုက်တန်း မီးလောင်မှုတွင် မီးငြှိမ်းသတ်နှောင့်နှေးမှုဖြင့် ဆိုင်ခန်း ခြောက်ခန်း ပျက်စီးသောကြောင့် မြူနီစီပါယ်ကို တရားစွဲသည်။ ရုံးတော်က မြူနီစီပါယ်ကို အနိုင်ပေးပြီး တရားလိုကို ဒဏ်ငွေ သုံးရာကျပ် တပ်လေသည်။ ထိုငွေကို မီးသတ်ဌာနသို့ ချီးမြှင့်ခဲ့လေ၏။ ထိုနှစ်မှစ၍ ချက်ချင်း မီးငြှိမ်းသတ်နိုင်သော မော်တော်ကား မီးသတ်စက်များ ဝယ်ခဲ့လေသည်။ မီးသတ်ဌာနတည်ထောင်ပြီး မစ္စတာဝီလကင်ဆင်က တာဝန်ခံဗိုလ်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် အဆက်ဆက်
တာဝန်ခံဗိုလ်များမှာ မစ္စတာဒိုဇီ၊ မစ္စတာလစ်တယ်လ်၊ မစ္စတာဂင်းနစ်၊ မစစတာနယူးလင်းနှင့် ဦးမောင်မောင်တို့ ဖြစ်ပါသည်။ ဦးမောင်မောင်သည် မီးသတ်ရုံကြီးနှင့် မျက်နှာချင်းဆိုင်တွင်နေထိုင်ခဲ့၍ မီးသတ်လုပ်ငန်း၊ မီးသတ်ဌာနနှင့်ပတ်သက်၍ ပါရမီရှင်ဟု ဆိုရလောက်အောင် မျက်စိရည်ဝ၊ နားရည်ဝနေသူဖြစ်ပါသည်။ တက်လာသော မီးခိုး၊ မီးညွန့်ကိုကြည့်၍ ဘာပစ္စည်းလောင်တာ၊ ဘယ်အရပ်ကလောင်တာ၊ ဘယ်လိုဆက်လောင်နိုင် မလောင်နိုင်၊ ဘယ်သို့ငြှိမ်းသတ်ဆိုတာ တစ်ချက်တည်း ဆုံးဖြတ်နိုင်သည်။ မီးသတ်ကားကို ဘယ်ကသွား၊ဘယ်လမ်းဝင်၊ ဘယ်ဘက်က ပက်ဟုလည်း တစ်ချက်တည်း ညွှန်ကြားနိုင်သည်။ ဦးမောင်မောင်၏ သားသမီးများတွင် ဦးခင်မောင်သည်လည်း မီးသတ်တာဝန်ခံဗိုလ်ဖြစ်သည်။ ဗဟိုမီးသတ်ဌာနရှိ သံထည်မီးသတ်မျှော်စင်ကြီးမှာ ရေနံမြေမှ ရေနံတွင်းတူးစင်ဟောင်းကြီးဖြစ်၏။ မန္တလေးသားတွေက အဆိုပါ မီးသတ်ဌာနကို ရေစက်ရုံကြီးဟုလည်း ခေါ်ကြသည်။
အဘယ်ကြောင့် ဆိုသော် မီးသတ်ဌာန၏ တောင်ဘက် ကပ်လျက် ယိုးဒယားရာမနတ်စင် ဝင်းထဲမှာ မြို့ရေပေးရေး အဝီစိတွင်းနှင့် ရေပို့လွှတ် စက်ကြီးတည်ရှိနေလို့ ဖြစ်သည်။…..
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး