ရခိုင်မှာ တရက်တည်း မီးလောင်မှု(၂)ကြိမ်ဖြစ်ပြီး သံဃာတပါးပျံလွန်တော်မူ၊ အဘွားအိုတဦးသေဆုံး

ဖေဖော်ဝါရီ ၁၁- ၂၀၂၃
SW(VOM)

ရခိုင်ပြည်နယ်အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီကနေ့ အစောပိုင်းက မြောက်ဦးမြို့နယ်၊ မြောင်းဘွေစံပြကျေးရွာ၊ အရှေ့ရပ်ကွက်က ဒေါ်ယဉ်သာဖြူ အသက် (၈၈) နှစ်ဟာ သေဆုံးသွားတယ်လို့ သိရပါတယ်။

နောက်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားပြီး အသက် (၇၂) နှစ်အရွယ် သံဃာတော်တပါး ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်း မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာက မီးလောင်မှုမှာ အသက် (၈၈) နှစ်အရွယ် ဒေါ်ယဉ်သာဖြူဟာ ဆေးတံအမြဲသောက်တတ်ပြီး ဆေးတံနဲ့ မီးခြစ်ကို အမြဲဆောင်ထားလေ့ရှိကာ သူဟာ လမ်းလျှောက်လို့ မရတော့ဘဲ တဦးတည်းနေသူဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အဲဒီ အဖွားအို သေဆုံးသွားတာနဲ့ ပတ်သက်ပြီး မြောင်းဘွေကျေးစံပြကျေးရွာ ကျေးရွာတာဝန်ရှိသူတဦးက “ အဲဒီ အဖွားအိုက ကိုယ့်အိမ်နဲ့ကိုယ်သီးခြားနေတာပါ။ သမီးဖြစ်သူရဲ့အိမ်နဲ့နီးပါတယ်။ သူက လမ်းလည်းမလျှောက်နိုင်ဘူး။ စိတ်ကလည်း သိပ်မမှန်တော့ပါဘူး။ မနက်က ဆေးတံသောက်တဲ့အခါ အောက်က ဆိုဖာပေါ်မှာ မီးကျပြီး အခုလိုမျိုး ဖြစ်သွားတာလို့ ထင်ရပါတယ်။ သမီးဖြစ်သူကလည်း ဈေးထဲမှာ ဈေးရောင်းနေတယ်။ ဘယ်သူမှမသိလိုက်ဘူး။ ရွာသားတွေသွားကြည့်တဲ့အခါ အဲဒီအဖွားက မီးကျွမ်းပြီး သေနေပြီ။ သူ့ကို ဒီနေ့ ညနေပိုင်း ၂ နာရီလောက်က သဂြိုဟ်လိုက်ပါတယ် ” လို့ ပြောပါတယ်။

မီးလောင်သွားတဲ့ အိမ်အမျိုးအစားဟာ ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုး အမျိုးအစားဖြစ်ပြီး အလျား ၁၆ ပေ၊ အနံ ၈ ပေ၊ အမြင့် ၇ ပေဖြစ်ကာ တဲအိမ်အရွယ်အစားလောက်သာရှိကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး မသိရသေးဘူးလို့ ပြောပါတယ်။

အဲဒီ မီးလောင်မှုကို ရွာမှာရှိတဲ့ မီးသတ်ဌာနက မီးသတ်ယာဉ်တစီးနဲ့ ကျေးရွာသားတွေက ငြိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။

မြောင်းဘွေစံပြကျေးရွာဟာ အိမ်ခြေ (၄၃၂) နှစ်အိမ်ရှိပြီး ရန်ကုန်- စစ်တွေ ကာလမ်းရဲ့ မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။

လက်ရှိ ဆောင်းရာသီနှောင်းပိုင်းကာလ နွေဦးရာသီမရောက်မီ ရွက်ဟောင်းကြွေချိန်ဖြစ်ပြီး လေပြေတွေလည်း ခပ်ပြင်းပြင်း တိုက်ခတ်တဲ့ကာလဖြစ်တာကြောင့် မီးသတိထားကြဖို့ တိုက်တွန်းနေကြတာလည်း ရှိပါတယ်။

မြောင်းဘွေကျေးရွာ တာဝန်ရှိသူက “ရွာသူရွာသားတွေကို ပြောချင်တာကတော့ ဒီနွေရာသီကျရောက်တော့မှာဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်သတိထားရမယ့်အခြေအနေ၊ မီးသတ်ကိရိယာတွေအဆင်သင့်လုပ်ထားဖို့ ပြောထားပါတယ်။ ရွာမှာလည်း ကြိုတင်ဟောပြောထားပါတယ်” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ် မြတန်ဆောင်းဆရာတော်ကလည်း “ နွေရာသီနီးလာပြီဆိုတော့ မီးကိစ္စနဲ့ ပတ်သက်ပြီး မပေါ့ဆဖို့လိုပါတယ်။ ဒီမှာ အားကိုရာဘာမှမရှိဘူး။ ကိုယ့်ပြဿနာကိုယ် ရှင်းရပါမယ်။ ဆုံးရှုံးသွားရင်လည်း ကူညီဖေးမပေးတဲ့သူတွေလည်း မရှိပါဘူး။ ဒါကြောင့် သတိထားပြီး မီးကိုဂရုစိုက်ကြဖို့ မှာချင်ပါတယ်”လို့ မိန့်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေကလည်း ရခိုင်မှာ သာမန်မီးလောင်မှုထက်ကြီးမားတာတွေရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်တွေမြို့ပေါ်၊ မကျည်းမြိုင်ရပ်ကွက် ၊ အကွက် (၉) မှာနေအိမ် ၅ လုံးမီးလောင်ပြာကျသွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၈၀၀) ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာတော့ မတ်လ ၁၇ ရက်နေ့က ညအချိန် မြောက်ဦးမြို့နယ်က အဆောင် (၆၀၀) လောက်ရှိတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောင် (၅၇၀)နီးပါးဆုံးရှုံးခဲ့ကြောင်းနဲ့ မေလ ၃၀ နေ့က ဘူးသီးတောင်မြို့နယ်၊ ညောင်းချောင်းဈေးမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း (၂၄)ခန်း မီးလောင်သွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၂၀၀၀) နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW