ပုသိမ်ကြီးမြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး နေအိမ်(၁၁)လုံး မီးထဲပါသွား

ဖေဖော်ဝါရီ ၁၄-၂၀၂၃
Voice OfMyanmar(VOM)

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာ၊ ဆည်မြောင်းဘောင်ရှိ (၁)ထပ်နေအိမ်မှာ ဘထ္ထရီပန့်နဲ့ ဖွင့်ထားတဲ့ စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁၁)လုံးမီးလောင်ခဲ့မှု မနေ့ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းက ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ်နေအိမ်မှာ တရားမဝင် စက်သုံးဆီဆိုင်ဖွင့်ထားတယ်၊ ဘထ္ထရီပန့်အတွင်း ဆီထည့်ရာကနေ တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တယ်၊ နေအိမ်(၁၁)လုံး မီးလောင်ခဲ့ပါတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် ၁၅ပေ ၁၀ပေခန့်ရှိ သွပ်မိုး၊ ထရံကာ၊ တထပ်အိမ် (၁၁)လုံး၊ ဆိုင်ကယ်(၂)စီး၊ ဘထ္ထရီ ဆီပန့်စက် (၂)လုံး ၊ နေအိမ်တွေရဲ့ အတွင်းပစ္စည်း စုစုပေါင်း မီးသတ်တွက်ချက် ခန့်မှန်းတန်ဖိုး ၇၁သိန်း ၇သောင်း ၅ထောင်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို မန္တလေးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို ဦးဆောင်ကာ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄၂)ဦး တို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး အုန်းချောနယ်မြေရဲစခန်းမှ တရားမဝင်စက်သုံးဆီ ရောင်းချသူ အမျိုးသား(ထွက်ပြေးနေဆဲ)ကို ပနံပါတ် (၂၂ / ၂၀၂၃ )၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၂၈၅)နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

Photo -YTL
#voiceofmyanmar #VOM #မန္တလေး #နေအိမ်၁၁လုံးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW