ဖေဖော်ဝါရီ ၂၀ – ၂၀၂၃
GG(VOM)
ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု ၊ဂျိုးကန်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့က မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၆ အိမ်ထက်မနည်း မီးလောင်ပြာကျခဲ့ပြီး တိရစ္ဆာန်တွေလည်းမီးလောင်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီကျော်ခန့် ဂျိုးကန်ရွာထဲက လူနေအိမ်တအိမ်ရဲ့ ထင်းမီးဖိုကနေတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်လူနေအိမ်တွေနဲ့ ဆိတ်၊သိုး၊ဝက်ခြံတွေကိုပါ မီးကူးကာ မီးလောင်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ အိမ်စောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာကနေ မီးဖိုနားက ထန်းလက်အကာကို မီးကူးပြီး ဘေးအိမ်တွေကိုပါ မီးလောင်ခဲ့တာလို့သိရတယ်၊သိုးတွေရောဝက်တွေရော သေတယ်၊မီးထဲပါတဲ့အိမ်တွေလည်း အကုန်ဘာမှရစရာမရှိအောင်ပျက်စီးကုန်တယ် ” လို့ ဂျိုးကန်ရွာအနီးနေထိုင်သူတဦးကပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တာက ၁၆ပေပတ်လည် ထန်းရွက်မိုး ဝါးထရံကာ မြေစိုက်လူနေအိမ် ၊၁၆ ပေပတ်လည် သွပ်မိုးဝါးထံကာ မြေစိုက် လူနေအိမ်၊၂၄ ပေပတ်လည် သွပ်မိုး ဝါးထရံကာ ၂ ထပ်လူနေအိမ်တွေနဲ့ ၁၆ ပေပတ်လည် သွပ်မိုး ဝါးထရံကာ ၂ ထပ်လူနေအိမ်တွေဖြစ်တယ်လို့ ညောင်ဦး မီးသတ်တပ်ဖွဲ့ကသိရပါတယ်။
” လူနေအိမ် ၁၆ လုံးပါ ၊ မီးဘေးသင့်ပြည်သူတွေကို ဌာနဆိုင်ရာကလည်း အကူအညီတွေပေးဖို့စီစဥ်နေပါတယ်။ “လို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့မီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးပြီး ဒုက္ခရောက်ခဲ့ရတဲ့ မီးဘေးသင့် သူ ၆၀ ကျော်ရှိပြီး လောလောဆယ်မှာ အားလုံးကို ဂျိုးကန်ရွာက သီရိမင်္ဂလာဘုန်း တော်ကြီးကျောင်းဝင်းအတွင်းမှာ ယာယီရွေ့ပြောင်းထားရှိတယ်လို့ သိရပါတယ်။
နောက်ပြီး မီးစတင်လောင်တဲ့ နေအိမ်ပိုင်ရှင်ကို မီးပေါ့ဆမှုနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာ မီးလောင်မှုမှာ အိမ်ခြေ ၆၃ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၄၂ ယောက် မီးဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ညောင်ဦး #မီးလောင်မှု