ဆူးငှက်
မန္တလေး၏အထင်ကရ ၈၄လမ်း သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ၂၂စီလမ်းက စတင်သည်ဟု မည်သို့ပင် ဆိုစေကာမူ နာရီစင်ဈေးချိုမှ စသည်ဟုပဲ ကျွန်တော့်စိတ်ထဲမှာ စွဲမှတ်နေသည်။
ယခင်က ဈေးချိုရှိ ၈၄လမ်းမကြီး အလယ်ခေါင်တွင် ကုက္ကိုပင်ကြီးတွေ ရှိခဲ့ဖူးသတဲ့။ သို့သော် ကျွန်တော် မမှတ်မိ။ နာရီစင်၏မြောက်ဘက် ၈၄လမ်းမပေါ် (၂၅/၂၆)လမ်းကြားမှာတော့ ယခင်က နာမည်ကျော်
ဗန္ဓုလသင်္ကန်းတိုက်ကြီး ရှိ၏။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ၁၃၀၀ပြည့်နှစ်လောက်ဆီက ပေါ်ပေါက်ခဲ့ပါသည်။ သင်္ကန်းတိုက်ကြီးပါ်မှာ ယခင်က ဆင်းကားစက် အလုံး၁၀၀ကျော်နှင့် သင်္ကန်းများ ချုပ်သည်။ ထို့ပြင် နဘဲကြူးရပ်မှာ အရှေ့ပြင် နန်းရှေ့မှာလည်း သင်္ကန်းချုပ်သော အလုပ်ရုံခွဲတွေ ရှိဖူးသည်။ ဦးဆိုင်၏ ဗန္ဓုလသင်္ကန်းသည် ဝိနည်းနှင့်လည်းညီဟော်လန် ပိတ်အုပ်ကိုလည်း သုံး၊ ဆေးရောင်လည်းမှန်၊ ခိုင်လည်းခိုင်သောကြောင့် သံဃာတော်တိုင်းက လက်မလွတ်စတမ်း သုံးစွဲကြလေ၏။
ထိုခေတ်က ဗန္ဓုလသင်္ကန်း နာမည်ကျော်ပုံမှာဖြင့် လေဘာတီမမြရင်၏ ““အလှူ့ဒကာ”” သီချင်း၌ပင် ယခုကဲ့သို့ စပ်ဆိုထားပါသည်။
““မေးနေစရာ လိုမယ်မထင် မယ်ရင် မပြောဘဲ သဘောက အကုန်လုံးလင်၊ သူ့တွေ့မှာ ဆုံမယ်လေ
အလှူပေးတဲ့ရက် မနက်က မလာဘူးရှင်၊ ဗန္ဓုလသင်္ကန်းဆိုင်တွင် သူကိုယ်တိုင်ပဲဝင် လူမြင်မှာရှက်လို့တော် ရေစက်ချတောင် ခဏမလာ ပေါင်ရှင်”” ဟူ၍ဖြစ်သည်။
တကယ်တော့ ၈၄လမ်းမကြီးသည် ဈေးချိုတော်ကြီး၏ ဖွားဖက်တော်ဖြစ်၏။ရှေးတုန်းက မန္တလေးဈေးကြိုဟာ အခု ငပိတန်းလက်ကျားနေရာမှာဖြစ်သည်။ မန္တလေးမြို့ မြေပုံတွင် ‘ဈေးကြို’
နေရာကို ပြထားသည်။ ‘ဈေးကြို’ကြီး၏ အလယ်ဗဟိုမှာ ဈေးရုံတွေ၊ ဥယျာဉ်တွေ ရှိခဲ့ဖူးသတဲ့။ သင်္ကန်းတန်း၊ ပဲပုတ်တန်းနဲ့ ဈေးကြိုကိုကူးတဲ့ တံတားဟာ ‘သံတံတား’ဖြစ်ပြီး အဲဒီတံတားပေါ်မှာ ငါးသည်၊ ဝက်သားသည်တွေ ရှိသတဲ့။ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပြီးသည့်နောက် ‘ဈေးကြို’ကို ‘မူလာအီစမန်’ဟူသော ကုလားဝန်မင်းက အခွန်ကောက်ရသဖြင့် ကုလားဝန်မင်းဈေး၊ မူလာအီစမန်ဈေးလို့လည်း ခေါ်ခဲ့ကြသည်။
တကယ်တော့ ဧရာဝတီမြစ်လမ်းအပါအဝင် ရှမ်းပြည်နယ်က ဝန်တင်လမ်း၊ လှည်းလမ်းများကတစ်ဆင့် ရွှေမြို့တော်သို့ရောက်လာသည့် ကုန်ပစ္စည်းများသည် ‘ဈေးကြို’အရပ်တွင် စုဝေးရောက်ရှိလာကြပြီး ရောင်းဝယ် ဖလှယ်ကြဖို့ စောင့်ကြိုနားခိုကြရာက ‘ဈေးကြို’ဆိုပြီး ဖြစ်လာသည်ဟု ဆိုကြသည်။
ဈေးချိုဆိုသည်မှာ ယခင်က ““ဈေးကြို””ဖြစ်ကြောင်း၊ တည်ဆောက်သော ခုနှစ်မှာ ““အုတ် ကာ သွပ် မိုး”” ““၁၂၆၅””ဖြစ်ကြောင်း၊ အီတာလျံမင်းသား ဗိသုကာ ကောင့်ကာလာတတီဖြစ်ကြောင်း အထူးတလည်တော့ ပြောစရာမလိုတော့ပြီ။
သမိုင်းဝင် ထိုဈေးချိုတော် အဆောက်အအုံကြီးလည်း ယခုအခါ မရှိတော့။ မြောက်ဖက် ၆ရုံတွဲဖြစ်သော အေ၊ဘီ၊စီ၊ဒီ၊အီး၊အက်ဖ် ရုံများကို အရင်ဖျက်သိမ်းပြီး ဈေးရုံအသစ်တည်ဆောက်သည်။ ထို့ကြောင့် ၁၆-၆-၉၁နေ့က အုတ်မြစ်ချ တည်ဆောက်သော လက်ရှိ ဈေးချိုတော် အဆင့်မြင့်ရုံသစ်ကြီးကိုပဲ အသက်၃၀ ဝန်းကျင် နောက်လူငယ်မျိုးဆက်တို့ နေ့မြင်နေကြရပြီ မဟုတ်လော။ ထိုဈေးချို
အဆင့်မြင့်ရုံသစ်ကြီးသည် အလျား ၃၆၈ပ၊ အနံ ၄၆၄ပင့် ၆လက်မတိတိ ရှိသတဲ့။ အလယ်ရုံကြီး
၆ထပ်နှင့် ဘေး၇ရုံ ၄ထပ်ရှိသတဲ့။ အရှေ့ဘက်က ၄ထပ်တိုက်တန်းကြီးကလည်း ၁၉၉၁ခုနှစ်မှာ ဖွင့်သတဲ့။ အလျား ၄၉၂ပေ၊ အနံ ၄၈ပေ ၆လက်မ ရှိသတဲ့။ ထိုကိန်းဂဏန်းများကိုပဲ ကျွန်တော်တို့ မှတ်သားမိသည်။ အရင်ကတော့ အရှေ့ဘက်က တိုက်တန်းဟောင်းကြီးကို တိုက်တန်းကြီးခေါ်၏။ ယခု
မြို့တော်ခန်းမ၂ တည်ဆောက်ထားသည့်နေရာတွင် ရှိခဲ့ဖူးသော တိုက်တန်းကို တိုက်တန်းလေးဟု
ခေါ်ခဲ့ဖူးသည်။ တိုက်တန်းကြီးတွင် မနော်ဟရီ သွေးဆေး ရှိဖူးသည်။ ခေတ်ဆန်း ပရိဘောဂ ရှိဖူးသည်။
နဂါးနီပိုးထည်တိုက် ရှိဖူးသည်။ တြိဘောဂစတိုးရှိသည်။ ဗမာ့ ကုန်စုံပွဲရုံရှိသည်။ စာပေသဘင်ရှိသည်။ ဖွာဇူလာနန်ဂျီ ပန်းကန်ဆိုင်ကြီးရှိသည်။ တိုက်တန်းကြီး သုံးခန်းတွဲကို တွဲ၍ ဖွင့်လှစ်ထား၏။ ထို့ပြင် ဦးစမူသား ကိုစု စာရေး ကိရိယာဆိုင်လည်း ရှိသည်။
ဈေးချိုတော်ကြီး၏ မြောက်နား ၈၄ လမ်းမကြီး၏အရှေ့ဘက် ၂၄နှင့် ၂၅ လမ်း ကြားတွင်
ဓားတန်းဝင်း ဆိုတာရှိသည်။ ထို ဓားတန်းဝင်းကလည်း ဈေးချိုတော်နှင့်အတူ ၈၄လမ်းနှင့်အတူ ထင်ရှားကျော်ကြားသည်။ ယခင်က ဆိုင်းတန်း ဧရာဝတီစာရေးကြီး ဦးမြသိန်းအိမ်မှာ စတည်းချ စတင်ခဲ့သော မြို့မတူရိယာအသင်းသည် ဓားတန်းဝင်း ကြီးတွင် လူလားမြောက်ခဲ့၊ အရွယ်ရောက် ခဲ့၊ အောင်မြင်ခဲ့၊ ရှုံးနိမ့်ခဲ့၊ ပြန်လည်ရှင်သန်ခဲ့သည်။
ကျွန်တော် မသိမီခဲ့ရသော ၁၉၂၅ ခုနှစ်လောက်ဆီကဖြင့် ၂၂လမ်းနှင့် ၂၈လမ်းကြား ၈၄လမ်းမကြီးပေါ်မှာ ဈေးချိုအနီးနားက အိန္ဒိယနွယ်ဖွား သူဋ္ဌေးများ၏ ကုန်ကားကြီးတွေပေါ် ရေစည်ရေပိုင်းများ တင်ပြီး သင်္ကြန်အခါတွင်းတွင် ရေပက်ခံခဲ့ကြ၏။ ထိုအချိန်မှစတင်၍ သင်္ကြန်ကို ကားနှင့်လည်ပတ်ခြင်း စသည်ဟု ပြောစမှတ်ပြုခဲ့ကြသည်။ ထိုကိစ္စကို ၈၄လမ်းမကြီး မှတ်မိပါလိမ့်မည်။
တကယ်တော့ ၂၆လမ်းနှင့် ၂၈လမ်းကြား ၈၄လမ်းမကြီးသည် သမိုင်းပေါင်းများစွာကို ပြောပြနိုင်ပါသည်။ သည်နေရာမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း နယ်ချဲ့သေနတ်ဖျား အသက်ပျောက်ခဲ့ရသည့် မန္တလေးအာဇာနည် ၁၇ ဦး၏ အလောင်းတင် ရထားများလည်း မျက်ရည်လည်ရွှဲ လူအုပ်ကြား တရွေ့ရွေ့ ဖြတ်သွားဖူးသည်။ ဂျပန်ခေတ်အတွင်း နာတာရှည်ရောဂါကြောင့် မမာကျန်းဖြစ်နေသော်လည်း ဖက်ဆစ်တော်လှန်ရေးကို မဆုတ်မနစ်ဆောင်ရွက်ခဲ့ပြီး စိန်ပီတာကျောင်း ယာယီဆေးရုံတွင် ကွယ်လွန်ခဲ့ရှာသော ရဲဘော်ဗဟိန်း၏ ဈာပနကလည်း သည်လမ်းမပေါ်ဖြတ်သန်းကာ ရဟိုင်းသုသန်သို့ ပို့ဆောင်ခဲ့ဖူးသည်။ ထို့အတူ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်လူထု နာခဲ့ရသဖြင့် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသဘောထားပြုကြမည့် လူထုကြီးလည်း ဖြစ်သွားဖူးသည်။ ငြိမ်းချမ်းရေးသင်္ကြန်၊
ပြည်ထောင်စုသင်္ကြန်ဟု ထင်ရှားခဲ့သော ၁၉၅၀၊ ၁၉၅၁၊ ၁၉၅၂ ကာလများကလည်း သည်လမ်းမပေါ်နှင့် နာရီစင်အောက်ခြေမှာ ရာချီသော သင်္ကြန်အလှပြယာဉ်တွေ ဆိုင်းသံ ဗုံသံ ဂီတသံဝေဝေဆာဆာနှင့် ဥဒဟို ဖြတ်သန်းခဲ့ကြဖူးသည်။ မန္တလေးမြို့၏ အစည်ကားဆုံး အသုဘအခမ်းအနားဟု တွင်ကျန်ရအောင် စည်ကားလှသော က,ရင်းသေသည့် ရွှေမန်းတင်မောင်၏ ဈာပနအခမ်းအနားမြင်ကွင်းကိုလည်း
ဤနေရာတွင် မြင်လိုက်ဖူးသည်။ ထိုနေရာ ၈၄လမ်းသည် မန္တလေး၏ အညှာဖြစ်၏။ အသည်းနှလုံးဖြစ်၏။ အသက်သွေးကြောဖြစ်၏။
နောက်တော့ ၁၉၅၉ ခုနှစ်ရောက်သောအခါ ဈေးချိုညဈေးတန်းကို ဤနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ (၁၈-၂-၅၉)နေ့တွင် ဖွင့်လှစ်၏။ ညဈေးတန်းကို ညနေ၅နာရီခွဲမှ ည၁၂နာရီအထိ ဖွင့်လှစ်ခွင့်ပြုခဲ့လေသည်။ ၆ပေ ၈ပေ ဆိုင်ခန်းများ ချထားပေး၏။ စတင်ဖွင့်လှစ်သည့်အချိန်က အစားအသောက်
ဆိုင်များအဖြစ် ကုလားဆိုင် ၃၁ဆိုင်၊ တရုတ်ဆိုင် ၂၉ဆိုင်၊မြန်မာဆိုင် ၈၅ဆိုင်၊ ဂေါ်ရင်ဂျီဆိုင် ၂ဆိုင်နှင့် အဝတ်အထည်ဆိုင်ပါ စုစုပေါင်း ၅၃၄ဆိုင် ရှိလေသည်။ ၂၆ဘီလမ်းပေါ်ရှိ ဟုတ်စွန်စတိုးနှင့် တိုက်တန်းကြီးကို သွယ်တန်းထားသည့် ဖဲကြိုးကို မြူနီစီပါယ် ဥက္ကဋ္ဌ မင်းဘူး ဦးမောင်မောင်က ဖြတ်ကာ ဖွင့်လှစ်ခဲ့လေသည်။ ဤသို့ဖြင့် ညဈေးတန်းသည် ကျွန်တော်တို့ဘဝ၏ ညပေါင်းများစွာကို ဖဲ့ယူစားသောက်သွားသည်။
ဈေးချိုနှင့် မနီးမဝေးတွင် နေထိုင်သောသူများအဖို့ ညရောက်လျှင် ညဈေးတန်းမှာ လမ်းမလျှောက်ရလျှင် အိပ်မပျော်။ ညဈေးတန်းတောင်ထိပ်က လမ်းဘေးတွန်းလှည်းနှင့် အအေးဆိုင်လေးမှာ သံပုရာရည်တစ်ခွက် သုံးမတ် (၇၅ပြား)နှင့် အမောပြေသောက်နိုင်သည်။ သို့မဟုတ် အနောက်နား ၂၈လမ်းထိပ် Lရုံအဆင်းက သင်းစပယ် ဆီချက် တွန်းလှည်းလေးက တစ်ပွဲ ၁ကျပ်ခွဲတန် ဆီကျက်မွှေးမွှေးလေး အဆာပြေ စားနိုင်သည်။ ယခုအချိန်အထိ ထိုနေရာရောက်တိုင်း ထိုဆိုင်လေးများကို လွမ်းဆွတ်နေဆဲဖြစ်၏။
ကျွန်တော်သည် ၈၄လမ်းနှင့် ၂၈လမ်းထောင့်ကို နေ့လယ်ပိုင်းများ၌ မည်သည့်အခါမျှ သတိမရသော်လည်း ညအခါ၌ ထိုနေရာပတ်ဝန်းကျင်တွင် စိတ်ဝင်စားမိသည်။ အရင်က ဆီချက်ဆိုင်လေးနှင့် မျက်နှာချင်းဆိုင် ၂၈လမ်းတောင်ဘက်ခြမ်းမှာ လမ်းဘေး အလင်းဆိုင်လေးရှိသည်။ လက်ဖက်ရည် ကော်ဖီ ထပ်တရာ ပလာတာအပြင် ညလယ်စာ ထမင်းကြော်နှင့် အကြော်အလှော် ဟင်းလေးတွေလည်းရသည်။ လက်ဖက်ရည်ဆိုင်ကလေး၏ မျက်နှာချင်းဆိုင်တွင် ဈေးချိုတော် ရုံဟောင်းကြီးများအား ဖျက်သိမ်းထားသည့် ကွက်လပ်ကြီးရှိသည်။ ကွက်လပ်ကြီး၏ ဟို … အနောက်ဘက်တွင် အဆင့်မြင့်ဈေးချိုတော်ရုံသစ်ကြီးကို လှမ်းမြင်ရသည်။ ဈေးဝရန်တာတစ်လျှောက် မီးများ ထွန်းညှိထား၏။ တချို့နေရာက မီးလုံးကျွမ်းသောကြောင့် သို့မဟုတ် မီးလုံးမရှိသောကြောင့် အလင်းမရှိ…။ မူလဈေးချိုတော်ကြီး၏မြောက်ဖက် ၆ရုံတွဲကိုသာ အရင်ဖျက်သိမ်းပြီး ၆ထပ်ဈေးရုံသစ်ကြီး အမြန်တည်ဆောက်တည်။တောင်ဘက် ၆ရုံတွဲဖြစ်သော ဂျီ၊ အိတ်ချ်၊ အိုင်၊ဂျေ၊ကင့်၊ အယ်လ်ရုံများကို နောက်မှ ဖျက်သိမ်းပြီး ထိုနေရာကွက်လပ်ကြီးမှာ ယာယီ
အခွန်လွတ်ဈေးဖြစ်လိုက် စက်ဘီး ဆိုင်ကယ် ကားရပ်နားကွင်းဖြစ်လိုက်နှင့် ကွက်လပ်ကြီးဖြစ်နေတာ
ကာလကြာသည်။ ဈေးချိုကွက်လပ်ကြီးကတော့ လမ်းမီးရောင်တချို့ကို မမျှမတ ခံယူထားသည်။ သည်ကွက်လပ်ကြီး၏ ပဟေဠိကို မန္တလေးသားတိုင်း စိတ်ဝင်စားကြသည်။ သည်ကွက်လပ်ကြီးမှာ မြောက်ဘက်ကလို အဆင့်မြင့်ဈေးသစ်ကြီး ဖြစ်မှာလား။ သို့မဟုတ် ဟော်တယ်ကြီးဖြစ်မှာလား။ စင်ကာပူလား၊ တရုတ်လား၊ အမျိုးမျိုး မှန်းဆနေကြ၏။
မိုးတွင်းမှာတော့ ရေအိုင်ကွက်ကြီးတွေရှိလို့ ကလေးတွေ ရေကူးကြသည်။ ညနေစောင်းမှာ L ရုံ သမံတလင်းဟောင်း၌ ပိုက်ကျော်ခြင်း ကစားနိုင်၏။ ကွက်လပ်ကြီး၏ အရှေ့ဘက်နှင့် တောင်ဘက်မှာ
ကုန်ပစ္စည်းကြော်ငြာဆိုင်းဘုတ်ကြီးတွေ ရှိသည်။ ဆိုင်းဘုတ်ကြီးတွေအောက်၌ မှောင်ရိပ်များက ညစဉ်ညတိုင်း တွယ်ကပ်နေ၏။ ညသန်းခေါင်ကျော်ရင်ဖြင့် အရှေ့တောဈေးကားတစ်စီး ၈၄လမ်းမအတိုင်း အပြင်းမောင်းလာကာ ၂၈လမ်းဘက် ချိုးကွေ့ဝင်လာသည်။ သံဖြူတန်းမှာ ရပ်သည်။ဈေးသည်တွေက တောင်း ကိုယ်စီနှင့် အလုအယက်ဆင်းနေကြတာ လှမ်းမြင်ရ၏။ဈေးချိုတော်ကြီး၏တေင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅လမ်းကြားကို သံဖြူတန်းကြီးဟု ခေါ်တွင်ပြီး သံသေတ္တာများ၊ သံဖြူနှင့် ပတ်သက်သော အထည် များရောင်းချကြသည်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိသည်။ သံဖြူတန်းကြီးတွင် ဦးခင်မောင်၏ ရွှေဒေါင်း သံသေတ္တာဆိုင် တည်ရှိသလို မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်၏ တိုက်လည်းရှိသည်။ ထို့ပြင် မြို့မ ဒိုးတီးအကျော် ဦးလှဒင်ကလည်း သံဖြူတန်းကြီးတွင် နေထိုင်သည်။ ထို ၂၈လမ်းကိုပင် ၈၅လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟုခေါ်ပြီး မြေအိုး၊ စဉ့်အိုး များရောင်းချသည်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈လမ်းနှင့် ၂၉လမ်းကြား၊ ၈၅လမ်းနှင့် ရွှေတချောင်းကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိသည်။ အခုတော့ ထိုနေရာသည် ဈေးကွက်စီးပွားရေး၏ ပြယုဂ်ဖြစ်သော အဆောင်အယောင်များဖြင့် မြင့်မားတိုးတက်သွားသည်။
အေဒီ ၁၉၀၉ခုနှစ်ကတည်ဆောက်ခဲ့သော ဈေးချိုနာရီစင်ကတော့ ဆံပင်ခဏခဏဆိုးကာ နုပျိုဟန်ဆောင်ရင်း နောက်ပေါက်များကို မော့ကြည့်ကာ အားတင်းနေဆဲဖြစ်သည်။ သူ့ဝန်းကျင် တစ်ခေါ်လောက်မှာပဲ ခြောက်ထပ်အဆင့်မြင့် ဈေးရုံကြီးနှင့် တိုက်တန်းကြီး တိုက်တန်းလေးနေရာတွင်လည်း အထပ်မြင့်တိုက်တန်းကြီးဖြစ်သွားသလို ပဟေဠိဆန်ခဲ့သော တောင်ဘက်ခြမ်း ကွက်လပ်ကြီးနေရာမှာလည်း အထပ်မြင့် မန်းမြန်မာ ပလာဇာ နှင့်၂၅ ထပ် ကွန်ဒိုမီနီယမ်ကြီးပေါ်ထွန်းလာပြန်ပြီ။
ထိုအနီးတစ်ဝိုက်တွင် မပြောင်းမလဲ ရှိနေသေးတာက ရွှေတချောင်းမြောင်းပဲဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်ကတည်းက တည်ရှိခဲ့သော ရွှေတချောင်းသည် လယ် ရေပေးဝေရေးအတွက် အဓိကဖြစ်ခဲ့ပြီးနောက် ရတနာပုံခေတ်မန္တလေးမြို့တည်တော့ လယ် ရေပေးဝေရေး သာမက မြို့လူထု၏ ချိုးရေသုံးရေ၊ ကူးသန်းသွားလာရာ ရေလမ်းကြောင်းအဖြစ် တိုးတက်ခဲ့သည်။ နောက်ပိုင်း မြို့ပြ လူနေထူထပ်လာတော့ရွှေတချောင်းက ရေဆိုးမြောင်းဖြစ်သွားတာ ယနေ့ထက်တိုင်ဖြစ်သည်။ အရင်က နည်းနည်း ဆိုးခဲ့သည့်ရေက အခု များများဆိုးသွားတာပေ့ါ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး