ဆူးငှက်
နေ့လယ်က လှုပ်လိုက်တဲ့ ငလျင်ကြီးကြောင့် တမြို့လုံး မီးတွေပျက်သွားပြီ။ ရေလည်းမလာတော့ဘူး။ အားလုံးဟာ ဘယ်သူမှ အိမ်ထဲ ပြန်မဝင်ရဲကြတော့ဘူး။ လမ်းပေါ်မှာပဲ ဖြစ်သလို အိပ်ကြရတော့မယ်။ ညစာကိုလည်း ဘယ့်နှယ်လုပ် ချက်နိုင်ကြတော့မှာလဲ။ အိမ်မှာမချက်နိုင်လို့ ဝယ်စားဖို့ ဆိုင်တွေလည်း မရှိတော့ဘူး။ အားလုံးလိုလို ငလျင်ဘေးနဲ့ ထိခိုက်ကြသူချည်း မဟုတ်လား။ ၂၆ဘီလမ်းပေါ်က စတိုးဆိုင်လေးက သူ့ရှိတဲ့ မုန့်ထုပ်လေးတွေကို ဆိုင်ပြင် ပလက်ဖောင်းပေါ်ချရောင်းသေးလို့ ပေါင်မုန့်ထုပ်လေးတွေဝယ်ပြီး ညစာဖြေရှင်းရတယ်။ လမ်းပေါ်မှာတော့ ပစ္စည်း သယ်ကြတဲ့ကားတွေ လူနာသယ်တဲ့ကားတွေ မီးတဝင်းဝင်း ဟွန်းသံတညံညံ ဥသြသံရှည်ဆွဲပြီး အလုအယက် တိုးဝှေ့ သွားလာကြဆဲပါ။

လောကဓံဆိုတာ ကြောက်စရာကြီးပါလား။ မနေ့ညကပဲ လမ်းပေါ်က သွားလာကြတဲ့ ကားတွေဟာ ဘာပဲပြောပြော မိသားစုညစာထွက်စားကြတာ ဖြစ်စေ၊ ဘားတွေ ကလပ်တွေ ဘီယာဆိုင်တွေ သွားလာကြတာဖြစ်စေ၊ မကြာခင်ကျင်းပမယ့် သင်္ကြန်အကြို သင်္ကြန်တီးလုံးဖွင့်ပြီး အပျော်ဓာတ် စတင် အုလို့ ဖြစ်စေ အများစုက စိတ်လက်ကြည်သာနေကြမှာပါ။ ဟော.. ၂၄နာရီဆိုတဲ့ တရက်အတွင်းမှာ အားလုံးဟာ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ တည်မြဲတာတွေ မရှိတော့ဘူး။ ခိုင်မာတာတွေ မရှိတော့ဘူး။ ရှင်သန်တာတွေ မရှိတော့ဘူး။ ကြည်နူးနိုင်ဖွယ် အနာဂတ်တွေ မရှိတော့ဘူး။ ပြိုလဲကုန်ပြီ၊ ပိပြားကုန်ပြီ။ ပျက်စီးကုန်ပြီ၊ အော်ဟစ်သံ ငိုရှိုက်သံ ကယ်ပါယူပါ တစာစာအသံတွေ ဖြစ်ကုန်ပြီ။ သေကွဲလား ရှင်ကွဲလား စိုးမရ အပူဗျာပွေကြရပြီ။ ၂၆ဘီလမ်းပေါ်က ကေတီဗီ ကလပ် ဘား ဘီယာဆိုင်တွေက သီချင်းသံတွေရုတ်ချည်း ဆိတ်သုဉ်းပြီး အမှောင်ကျသွားပြီ။
ငလျင်တဲ့။ သေချာပါတယ်။ အသက်၇၀ကျော် ၈၀ဝန်းကျင် အရွယ်တွေကသာ မန္တလေးမှာ နောက်ဆုံး အပြင်းအထန် လှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကို ကြုံဖူးကြမှာပါ။ ၇.၁ ရစ်တာစကေးရှိတဲ့ စစ်ကိုင်းငလျင်က ၁၉၅၆ခုနှစ်မှာ လှုပ်ခဲ့တာတဲ့။ အဲ့ဒီကာလက သိတတ်နေတဲ့ ၅နှစ်သားက အသက်ရှည်ဦးမယ်ဆိုရင် အခု ၇၄နှစ် ၇၅နှစ်ရှိပြီလေ။ ကောင်းကောင်း မှတ်မိတဲ့ ၁၀နှစ်သားဆိုရင် အခု အသက် ၈၀ရှိကြပြီ။ ဒီ့နောက် ၁၉၇၅ခုနှစ်မှာ ရစ်တာစကေး ၆.၅ရှိတဲ့ ပုဂံငလျင်၊ ၂၀၁၂မှာ လှုပ်တဲ့ ရစ်တာစကေး ၆.၈ရှိတဲ့ ရွှေဘို ငလျင်တွေ လှုပ်ခဲ့ပေမယ့် မန္တလေးမှာ အထိအခိုက်မရှိတော့ ငလျင်ဒဏ် ငလျင်ဘေး ဆိုတာကို မန္တလေးသားတွေက တယ်ပြီး မမှုချင်ကြဘူး။ ဂရုမစိုက်ချင်ကြဘူး။ မန္တလေးက မီးဘေးနဲ့ ဝါဆိုဝါခေါင် မြစ်ရေကြီးပြီး တာရိုးကျိုးမှာလောက်သာ သဘာဝဘေးလို့ ကြောက်ကြတာပါကလား။ လေပြင်း မုန်တိုင်းဘေးတောင် ဆိုးဆိုးဝါးဝါး ကြုံဖူးကြတာ မဟုတ်ဘူးလေ။
သည်တော့ ငလျင်ဘေးကို မန္တလေးသားတွေက မကြုံလို့ မကြောက်ကြဘူးပေါ့။ ကျွန်တော်ကတော့ ဘာရယ်လို့ မဟုတ်ဘူး။ ၂၀၀၃ခုနှစ်က လူထုကြီးပွားရေးစာအုပ်တိုက်က အယ်ဒီတာစာပွဲမှာ ထိုင်ရတုန်း မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန နှစ်၅ဝပြည့် ရွှေရတုမဂ္ဂဇင်းကို တာဝန်ယူဆောင်ရွက်ပေးရတယ်။ ဆရာညီပုလေးက တာဝန်ပေးလို့ ဘူမိဗေဒ ကျောင်းသားဟောင်း ကိုသန်းထိုက်(ယခုဗြဟ္မစိုရ် စာကြည့်တိုက်မှူး) အကူအညီနဲ့ တာဝန်ယူရတာပါ။ ဒီလိုတာဝန်ယူ ရတော့ ဘူမိဗေဒဌာနမို့ ဆောင်းပါးတွေထဲမှာ ငလျင်နဲ့ ပတ်သက်ပြီး အလွန်မှတ်သားဖွယ်ရာ ဆောင်းပါးတွေလည်း ပါဝင်ပါတယ်။ ဒီတော့ ကျွန်တော့်မှာ ငလျင်နဲ့ ပတ်သက်ပြီး အလွန်ဗဟုသုတ ချိနဲ့ နုံချာလေတော့ ဒီဆောင်းပါးတွေက ကျွန်တော့်အတွက် မြိန်ရေယှက်ရေ စားရတဲ့ အာဂဟင်းကောင်းတွေပါပဲ။ ဒါပေမယ့် ကျွဲပါးစောင်းတီးမို့ အလွန်အဖိုးတန်တဲ့ ငလျင်နဲ့ပတ်သက်တဲ့ ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေထက် ဆောင်းပါးထဲမှာပါတဲ့ မြေပုံတချပ်ကိုပဲ အပြန်ပြန်အလှန်လှန် ကြည့်ပြီး တွက်ချက် မှန်းဆနေမိတာ ဝန်ခံပါတယ်။။
ဒီမဂ္ဂဇင်းမှာ ငလျင်နဲ့ ပတ်သက်ပြီး ဒေါက်တာဝင်းဆွေရဲ့ မန္တလေးတွင် ငလျင်ဘာကြောင့် လှုပ်သလဲ အမည်ရှိဆောင်းပါး၊ ဒေါက်တာသိန်းရဲ့ မန္တလေးနှင့် ငလျင်ဘေးအန္တရာယ် အမည်ရှိ ဆောင်းပါး၊ ငလျင်နဲ့ တိုက်ရိုက် မပတ်သက်ပေမယ့် ဘူမိဗေဒအတွေ့အကြုံနဲ့ အဆောက်အအုံ ဆောက်လုပ်ခြင်းပညာဆိုင်ရာကို ရေးသားထားတဲ့ ကိုသြဒိနိတ်တာရဲ့ ကျွန်တော်တို့ ဘယ်မှာလဲ အမည်ရှိ ဆောင်းပါး ၃ပုဒ်ပါရှိပါတယ်။ ဒီဆောင်းပါးတွေထဲက ဒေါက်တာဝင်းဆွေ ဆောင်းပါးမှာ မန္တလေးဒေသ၏ ငလျင်ဘေးအန္တရာယ်ပြ ပဏာမ မြေပုံ ပါရှိပါတယ်။ အကယ်၍ မန္တလေးမှာ ငလျင်ဘေး ကျရောက်စဉ် ဘယ်နေရာတွေဟာ ဘယ်လောက် အန္တရာယ်ရှိနိုင်သလဲဆိုတာ မြေပုံနဲ့ အရှင်းလင်းဆုံး ပြထားပါတယ်။ ဒီမြေပုံမှာ အလွယ်ဆုံး ပြောရရင် မန္တလေးကို ငလျင်ဇုန် ၃ဇုန်ခွဲပြထားတာပါ။ အားပြင်းဇုန် (strong zone) (0.2 – 0.3 g) ၊ ပြင်းထန်ဇုန် (severe zone) (0.3 – 0.4 g) နဲ့ ပျက်စီးမှုများဇုန် (destructive zone) (0.4 – 0.5 g) တို့ ဖြစ်ပါတယ်။ ယေဘူယျပြောရရင် မန္တလေးအရှေ့ခြမ်း လမ်း၈၀မှ အရှေ့ဘက်က အားပြင်းဇုန်ထဲ ကျရောက်ပြီး မန္တလေးအနောက်ပိုင်းနဲ့ အမရပူရအရှေ့ပိုင်းတွေက ပြင်းထန်ဇုန်မှာ ကျရောက်ပါတယ်။ ပျက်စီးမှုများဇုန်က ဧရာဝတီမြစ်အတွင်း ကျွှန်းတွေနဲ့ အမရပူရ အနောက်ပိုင်းတွေတဲ့။ အကယ်၍ ငလျင်ကြီးကြီးလှုပ်ရင် မန္တလေးတောင်က အပျက်အစီး အသင့်အတင့်ပဲ ရှိမယ်။ မန္တလေးတောင်ထိပ်နဲ့ တောင်ဘေး မိုင်ဝက်ဝန်းကျင် နန်းမြို့ပတ်လည် တမိုင်ဝန်းကျင်တွေက အပျက်အစီး အတော်အတန်ရှိမယ်။ ကျန်နေရာ ဧရာဝတီမြစ်နဲ့ နီးတဲ့ရပ်ကွက်တွေနဲ့ မြို့သစ်လိုနေရာတွေမှာ အပျက်အစီးများမယ်လို့ ထပ်မံသုံးသပ်ထားပါတယ်။
ကျွန်တော်က ဒီမြေပုံကိုပဲ အနုလုံ ပဋိလုံ အပြန်ပြန်အလှန်လှန်ကြည့်ပြီး ကျွန်တော်နေထိုင်ကာစ ရပ်ကွက်လေးက အားပြင်းဇုန်ထဲပဲ ပါလို့ စိတ်သက်သာနေမိတာပါ။ ကိုယ်ကဖြင့် တဲပုတ်သာသာ အိမ်လေးတောင် အနိုင်နိုင် ဆောက်နိုင်ပေမယ့် အဲ့ဒီ ၂၀၀၃ခုနှစ်လောက် ကတည်းက ဖတ်ရတဲ့ ဆောင်းပါးတွေကြောင့် ငလျင်ကို သတိထားမိနေပါပြီ။ တကယ်တော့ ဆရာတွေရဲ့ ဆောင်းပါးတွေ စာတမ်းတွေအလိုအရ မန္တလေးကို ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးနေပါပြီ။ အထူးသဖြင့် စစ်ကိုင်းပြတ်ရွေ့ နိုးထချိန်တန်နေပြီဆိုတာ သတိပေးနေတာပါ။ ၁၉၉၀ကျော်ကတည်းက မန္တလေးရဲ့ ခြံဝင်းကျယ်နဲ့ ၂ထပ်အိမ်လူနေမှုက အစိုးရကိုယ်တိုင်က အထပ်မြင့် တည်ဆောက်ပြုပြင်ဆိုတာကြီးတွေနဲ့ ရှေးဟောင်းတထပ်ဈေးချိုတောင် အထပ်မြင့် အဆင့်မြင့်ဆိုတာနဲ့ မြေလှန်ပစ်နေတာ မဟုတ်လား။ ဒီလိုနဲ့ မူလပိုင်ဆိုင်မှုတွေ အပြောင်းအလဲနဲ့ ဘာစီစစ်မှု ဘာသုံးသပ်ချက်မှ မရှိဘဲ အပြိုင်အဆိုင် မိုးထိုးဆောက်ကြတာပါပဲ။ ဒါကြောင့် ဆောင်းပါးရှင် ဘူမိဗေဒပညာရှင်တွေက မန္တလေးဒေသမှာ တစက္ကန့်လျှင် ၁၅ပေအရှိန်နဲ့ အဆောက်အအုံတွေက မြေကြီးရဲ့ ဘေးတိုက်တွန်းထိုးလှုပ်ခါမှုကို ခံရနိုင်လို့ အထပ်မြင့်ဆောက်ရင် (0.4 – 0.5 g) အထိ ငလျင်ဒဏ်ခံအဆောက်အအုံတွေပဲ ဆောက်လုပ်သင့်တယ်လို့ ၂၀၀၃ ခုနှစ်ကတည်းက တိုက်တွန်းရေးသားခဲ့ပါတယ်။
ဒါပေမယ့် အားလုံးဟာ နှောင်းခဲ့ပါပြီ။ ဒီမှာက သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပညာရှင်များရဲ့ အရေးပါမှုနဲ့ လုပ်ပိုင်ခွင့် သြဇာမှ မရှိတာကိုး။ ဒါကြောင့်လည်း ၂၀၀၃ခုနှစ်က သတိပေးတဲ့ ငလျင်အန္တရာယ်က အားလုံးလျစ်လျူရှုခဲ့ကြတော့ အခု ၂၀၂၅ နှစ်ဆန်းမှာပဲ ဆိုးကျိုးခံရပါပြီ။ မတ်လ ၂၈ရက် တပေါင်းလကွယ်မို့ ပိန်းပိတ်မှောင်လို့၊ ကျွန်တော့်အိမ်ပေ ဝရံတာက ကြည့်ရင် မီးရောင်တထိန်ထိန် ဂီတသံတညံညံနဲ့ စကိုင်းဗီလာက ဒူးတုတ်ကျ ခေါင်းငိုက်ဆိုက်နဲ့ အမှောင်ထဲမှာ ကယ်ပါယူပါ အော်ဟစ်လို့၊ ငိုကြွေး ဲငြီးငြူလို့။ အမှောင်ထဲမှာ လူသံ ကားသံတွေ ဆူညံဆဲ၊ မထင်မှတ်ဘဲ ကျွန်တော့်ဖုန်းက အသံတိတ်ထားလို့ တုန်ဟီသံနဲ့ မီးလင်းလာလို့ ကောက်ကိုင်လိုက်တယ်။ တူမ ရွှေစင်ဇော်ဝင်းအသံ “လေးဆန်း၊ ကျွန်တော် ညနေကတည်းက ဖုန်းခေါ်နေတာ အခုမှ ရလို့၊ လေးဆန်း တက္ကသိုလ်ထဲက မိန်းအဆောင်ကြိး နေ့လယ်ကတည်းက မီးလောင်နေတာ တဆောင်လုံး ကုန်သွားပြီ၊ စလောင်ကတည်းက ကျွန်တော်က အဲ့ဒီနားမှာ ရောက်နေတာ”တဲ့။
ဟာ… သွားပြန်ပါပြီ။ မိန်းအဆောင်ကြီးတဲ့။
(ဆက်ရန်)