နေ့ ည မပြတ် အစောင့်တွေရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းစျေးက ရတနာဆိုင်တခု ဖောက်ထွင်းခံရ

မတ် ၅ -၂၀၂၃
GG(VOM)

ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေ အများအပြားပါသွားတယ်လို့ သိရပါတယ်။

ဖောက်ထွင်းခံရမှုမှာ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးက သိန်းရာဂဏန်းကျော်ရှိတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

” ဆိုင်ကဖွင့်တဲ့ရက်ဖွင့်တယ်၊ပိတ်တဲ့ရက်ပိတ်တယ်၊ ၃ ရက်နေ့ကမှ ဆိုင်ဖွင့်တယ် ညနေ ၄နာရီလောက်မှာ အိမ်ကိုပြန်တယ်။ မနေ့က မနက်မှာ ဆိုင်ဘေးနားက မိတ်ဆွေတွေက နင့်ဆိုင်က သော့လေး ဟ နေသလိုပဲဆိုပြီးဖုန်းဆက်လာမှသိရတာ။ဆိုင်က လေးခန်းတွဲဆိုတော့ တံခါးက တချပ်တည်းမဟုတ်ဘူး။အကုန်လုံးအကြောင်းကြားပြီး လူကြီးစုံမှဖွင့်တော့ အထဲမှာအကုန်ပွနေပြီ။သူကပုံးထဲကဟာပဲ အာရုံစိုက်တာ အဲ့ဒီလူက သိတဲ့အထဲကပါပဲ၊သေချာဖျက်ဆီးကလော်ပြီး ကောင်းတဲ့ဟာတွေကိုပဲ ယူသွားတာ။သူကခိုးသွားတာ ကောင်းတဲ့ဟာတွေအကုန်ခိုးသွားတာ။ တန်ဖိုးကတော့ မတွက်ရသေးဘူး။သိန်းကတော့ ရာဂဏန်းလောက်ရှိပါတယ်။” လို့ ဆိုင်ပိုင်ရှင်ကပြောပြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းစျေးမှာ နေ့စဥ် ၊ ညဘက် အလှည့်ကျ စည်ပင်သာယာရေးကော်မတီက ဝန်ထမ်း လုံခြုံရေးအစောင့်တွေရှိတဲ့ကြားကနေ ဆိုင်ဖောက်ခံလိုက်ရတာဖြစ်ပြီး ရတနာဆိုင်နဲ့ စျေးထဲမှာ CCTV တွေတပ်ဆင်ထားပေမယ့်လည်း မိန်းချထားရတာကြောင့်မှတ်တမ်းအကုန်မရရှိဘူးလို့ သိရပါတယ်။

“CCTV ကဆိုင်မှာလည်းရှိတယ်။စျေးထဲဆိုတော့ မီးဘေးကြောက်ရလို့ ဆိုင်ပိတ်ရင်မိန်းချရတော့ သုံးလို့မရဘူး။စျေးကcctv ကလည်း ညနေ ၅နာရီဆိုမိန်းချတယ်ဆိုတော့ သုံးမရပြန်ဘူး။ဖောက်ထွင်းတဲ့သူက စျေးဖွင့်ချိန် ဝင်ပုန်းနေပြီး ညမှလုပ်တယ်ထင်မိတယ်။ဘာလို့ဆို စျေးကမနက်၈ခွဲဆိုရောက်တဲ့သူရောက်ပြီ၊ညနေ၅ နာရီထိလူရှိတယ်ဆိုတော့ အဲ့ဒီအချိန်တော့ လုပ်တယ်မထင်မိဘူးပေါ့ ၊ အမဆိုင်ဖွင့်တာ နှစ်၃၀ရှိပြီ “လို့ ဆိုင်ပိုင်ရှင်ကထပ်မံပြောပြပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာနယ်မြေစခန်းမှာ အမှုဖွင့်ဖို့လုပ်ဆောင်နေကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့လည်း CCTV မှတ်တမ်းတွေ ရယူသွားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဗိုလ်ချုပ်အောင်ဆန်းစျေး #ရတနာဆိုင်ဖောက်ထွင်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW