ရခိုင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၂၃၀၀)ကျော် ပျက်ကွက်ခဲ့

မတ် ၈- ၂၀၂၃
SW + Maung Maung VOM)

တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းစာမေးပွဲကို ဒီကနေ့ မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီက စလို့ ဖြေဆိုနေကြပြီး ရခိုင်ပြည်နယ်မှာ စာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက် နည်းပါးတယ်လို့ သိရပါတယ်။

ဒီကနေ့ စာမေးပွဲပထမနေ့အဖြစ် မြန်မာစာကိုစတင်ဖြေဆိုနေတာဖြစ်ပြီး မတ်လ ၁၈ ရက်နေ့ထိဖြေကြရမှာ ဖြစ်ပြီး ရခိုင်တပြည်နယ်လုံး စာစစ်ဌာနတွေမှာ ကျောင်းသားဦးရေ ၁သောင်း ၉ ထောင်ကျော်ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတာဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ လျှောက်လွှာတင်ထားတဲ့ စာရင်းအရ ယောင်္ကျားလေး ၈၇၃၆ ယောက် ၊မိန်းကလေး ၁၀၅၅၄ ယောက်၊စုစုပေါင်း ၁၉၂၉၀ ယောက် ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိတဲ့ စာစစ်ဌာန ၆၀ မှာ ဒီနှစ်ကတော့ အေးအေးချမ်းချမ်းနဲ့ စာမေးပွဲ ဖြေဆိုကြပါတယ်။ဖြေဆိုတဲ့ ရာခိုင်နှုန်းကတော့ ၈၇ ဒဿမ ၇၆ ရာခိုင်နှုန်း ပါ ၊ ဖြေဆိုတာက စုစုပေါင်း ၁၆၉၂၈ ယောက် ပါ။ဒီနေ့က မြန်မာစာဖြေရတဲ့နေ့ဆိုတော့ အများစု ဖြေဆိုနိုင်ကြတယ်လို့ သိရပါတယ်”လို့ ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ ပျက်ကွက်သူ ၃ ထောင်ကျော်ထိရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂ ထောင့် ၃ ရာ(၂၃၀၀) ကျော်ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တနိုင်ငံလုံးအနေနဲ့ အခုနှစ် မတ်လ ၈ ရက် နေ့ကနေ မတ်လ ၁၈ ရက်‌နေ့ထိကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဖြေဆိုဖို့လျှောက်လွှာတင်ထားတဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၇၉၇၄၂ ယောက်ရှိတယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူ စုစုပေါင်း ၃၁၂၄၂၄ ယောက် ရှိခဲ့တဲ့ထဲက ၂၈၁၇၅၁ ယောက် ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ ယောက် အောင်မြင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #တက္ကသိုလ်ဝင်တန်းဖြေဆိုမှု

Related posts

Leave a Comment

VOM News

FREE
VIEW