ညောင်လေးပင်မှာ တံတား မိုင်းဖောက်ခွဲခံထားရလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

မတ်၊၁၂-၂၀၂၃
MM(VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ကောက်မယ်သူကျေးရွာ နဲ့အနီးဝန်းကျင်ကျေးရွာ ၂၀ ကျော်ဆက်သွယ်ထားတဲ့ ချိန်းချောင်းတံတား မိုင်းဖောက်ခွဲခံထားရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီ ချိန်းချောင်းတံတားဟာ မတ်လ ၉ ရက်က မိုင်း ထောင်ဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး တော်ဝိကျေးရွာ ဘက်ခြမ်းမှာ တံတားရဲ့ ၃၂ ပေခန့်လောက် ပြိုကျပျက်စီးခဲ့တဲ့အတွက် ဒီနေ့ မတ်လ ၁၂ ရက်အထိ မော်တော်ယာဉ်တွေနဲ့ လူတွေပါ ဖြတ်သန်းသွားလာလို့ မရဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

”၉ ရက်နေ့ကတည်းက သွားလာရေး ပြတ်တောက်နေတာ ဒီနေ့အထိပဲ၊ မော်တော်ယာဉ်တွေသွားဖို့မပြောနဲ့ လူတောင်သွားမရဘူး ၊ လမ်းတွေ တံတားတွေတော့ အခုလိုမလုပ်သင့်ဘူးပေါ့ဗျာ ၊ အခုတော့ အကုန် ဒုက္ခရောက်နေပြီ။”လို့ ကားသမား တယောက်ကပြောပါတယ်။

အဲ့ဒီတံတားဟာ တော်ဝိ၊ ချုံအင်း၊ အင်းပုဝါ၊ ရွှေခဲစု၊ အင်းကျိုက်၊ ဘိုးပိုက်ဆံစတဲ့ ကျေးရွာပေါင်း ၂၀ ကျော် ဆက်သွယ်ပေးထားတဲ့ တံတားဖြစ်ပြီး အုတ်ခံ ၊သံဘေလီ၊ သစ်ခင်း တံတားအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

တံတားအသုံးပြုမရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံ အမျိုးသမီးတဦးက”အခု တံတားက လုံးဝသွားလို့ မရတာ၊ အားလုံး အသိပဲလေ ကျေးရွာချင်းဆက်တံတားတစင်းက ရွာဘက်က ပြည်သူတွေ အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ၊ ကျွန်မတို့ လက်လုပ်လက်စား မိသားစုတဦးရဲ့အခက်အခဲတောင် မနည်းရှိတယ်၊ ကုန်ဈေးနှုန်းတွေ မတက်ခင်က(၁၀)ရက်မှ(၁)ကြိမ်လောက် ဈေးတက်သွားစားတာ၊ အခု ကုန်ဈေးနှုန်းတွေတက်တော့ တနေ့ တခါသွားဝယ်နေရတာ ၊ သွားစရာတံတားကမရှိတော့ဘူး၊ အခု ဘေးအိမ်က ခဏလှည့်စားနေရတယ် ၊
သူတို့လည်း အများကြီးမကျန်တော့ဘူး၊ ဘယ်သူလုပ်တာလည်းဆိုတာကိုတော့ မသိပါဘူး၊ ဒုက္ခကို ပုံစံ အမျိုးမျိုးနဲ့ပေးနေတာပဲ။”လို့ သူကပြောပါတယ်။

ပျက်စီးသွားတဲ့တံတားကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လာ ရောက်ဓာတ်ပုံရိုက်၊ ကြည့်ရှု့စစ်ဆေးသွားတာ တွေ့ တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ကျေးရွာမှာ ကျေးရွာပေါင်း အများအပြားက ဒေသခံတွေ အသုံးပြုနေတဲ့ ကျေးရွာချင်းဆက် တံတား မိုင်းဖောက်ခွဲခံရတာဟာ ပထမဆုံးပဲဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလ (၂)လအတွင်းမှာတော့ ပဲခူးတိုင်းအတွင်းက ကျေးလက်နေပြည်သူတွေ အားထားအသုံးပြုနေရတဲ့ ကျေးရွာချင်းဆက်တံတား (၆)စင်းထက်မနည်း မိုင်ဖောက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် အချို့ဒေသခံတွေ မဖြစ်မနေသွားလာရဖို့ အရေးကြီးတာကြောင့် သက်ဆိုင်ရာက ပြုပြင်ပေးတဲ့အထိ မစောင့်နိုင်တဲ့အတွက် ငွေကြေးအကုန်အကျခံကာ ကိုယ်ထူကိုယ်ထ ပြုပြင်အသုံးပြုနေကြရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ညောင်လေးပင် #ချိန်းချောင်းတံတား #မိုင်းခွဲခံရ #လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

Related posts

Leave a Comment

VOM News

FREE
VIEW