ပုဂံဒေသက ဟိုတယ်တွေမှာ သင်္ကြန်ကာလအတွက် အခန်းကြိုတင်မှာယူထားသူနဲ့ ပြည့်နေ

မတ် ၊ ၁၄ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံ ရှေးဟောင်း ယဥ်ကျေးမှုနယ်မြေမှာရှိတဲ့ ဟိုတယ်တွေဟာ လာမယ့် သင်္ကြန်ကာလအတွက် အခန်းကြိုတင်ငှားထားသူတွေနဲ့ ပြည့်နေပြီဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်မှာ ခရီးသွားဖို့အတွက် ကြိုတင်စာရင်းပေးထားသူ အရေအတွက်က အရမ်းများတယ် ၊ အဲ့ဒါကြောင့် ပုဂံဒေသက ဟိုတယ်တွေနဲ့ ချိတ်ဆက် လုပ်ကိုင်ရတဲ့အခါ ဟိုတယ်ခန်းအများစုက ဘိုကင်ပြည့်နေပြီဖြစ်တယ် ၊ ဟိုတယ်ခန်း မရတဲ့ ခရီးသွားလုပ်ငန်းတချို့ကတော့ ဒေသခံ ဘုန်းကြီးကျောင်းတွေနဲ့ ချိတ်ဆက်နေရတယ်”လို့ မုံရွာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒါ့အပြင် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တယောက်က ” ပုဂံဒေသမှာ ဟိုတယ်အလုံးပေါင်း ၁၅၄ လုံးရှိတယ် ၊ပုဂံမှာ လက်ရှိအထိ ဟိုတယ် ၇၄ လုံးကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဖွင့်လှစ်ထားရှိပြီးဖြစ်တယ် ၊ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်ကာလ ၉ ရက်အတွင်းမှာ ခရီးသွားဝင်ရောက်မှု ၂ သိန်းနီးပါး ရှိခဲ့တယ်၊ ဒီနှစ်မှာ ဟိုတယ်အရေအတွက် တိုးမြင့်ဖွင့်နိုင်ပြီဖြစ်ပေမယ့် ခရီးသွားက ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုတိုးလာတာကြောင့် ဟိုတယ်ခန်းတွေ ပြည့်နေတာ “လို့ပြောပါတယ်။

ပုဂံရှေးဟောင်း ယဥ်ကျေးမှုနယ်မြေမှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ဟိုတယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ၊ မတ် ၂၃ ရက်ကစတင်ပြီး ကိုဗစ် ၁၉ ရောဂါကြောင့် ယာယီရပ်နားထားရပြီးနောက် ကျန်းမာရေးဌာနရဲ့ ဖြေလျော့ပေးမှုတွေအရ ဟိုတယ်အားလုံးနီးပါး ဒီနှစ်မှာ ပြည်လည်ဖွင့်ခွင့်ရပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #သင်္ကြန်ကာလ #ဟိုတယ်အခန်း

Related posts

Leave a Comment

VOM News

FREE
VIEW