ပုဂ္ဂလိကပိုင် လူစီးကားအားလုံး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ် ပြောင်းလဲတပ်ဆင်ရမယ်

မတ် ၁၃ – ၂၀၂၃
GG(VOM)

ပုဂ္ဂလိကပိုင် လူစီးကားအားလုံး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်ကို ပြောင်းလဲတပ်ဆင်ရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးလိုက်ပါတယ်။

ဒါ့ကြောင့် ပုဂ္ဂလိက လူစီးကားအားလုံးအနေနဲ့ နှစ်လဲသက်တမ်းတိုးချိန် ရောက်သည်ဖြစ်စေ၊ မရောက်သေးသည်ဖြစ်စေ သက်ဆိုင်ရာ ကညနရုံးတွေကို ဆက်သွယ်ပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကို အမြန်ဆုံးပြောင်းလဲတပ်ဆင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။

” အခု ခရီးသည်တင်ယာဥ်လိုင်းတွေ၊ ဌာနဆိုင်ရာတွေနဲ့တခြားကားတွေကို ဖောင်းကြွနံပါတ်ပြားပုံစံအသစ်တွေ တပ်ပေးနေတာက ပြီးသလောက်ဖြစ်တော့မှာမို့လို့ နောက်ထပ်ပုဂ္ဂလိကလူစီးကားတွေကို ဦးစား လုပ်ပေးဖို့ အသိပေးတာဖြစ်တယ်၊ဒီဖောင်းကြွနံပါတ်အသစ်က တရားမဝင်ကားတွေမှာ တပ်ဆင်တာတွေမဖြစ်အောင် တားဆီးနိုင်တယ် “လို့ ကညန မှတာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိပြောင်းလဲတပ်ဆင်နေတဲ့ ဖောင်းကြွနံပါတ်ပြားပုံစံအသစ်မှာက သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ပြည်နယ်တွေရဲ့သင်္ကေတအပြင် မြို့နယ်ကိုယ်စားပြုတဲ့ ဂဏန်း ဖော်ပြချက်ပါဝင်ပြီး မော်တော်ယာဉ်အမျိုးအမည်ဖော်ပြချက်တွေပါရှိတယ်လို့သိရပါတယ်။

ပုဂ္ဂလိပိုင် လူစီးကား အစီးရေကတော့ တနိုင်ငံလုံးဆိုရင် ၆ သိန်းကျော်ရှိတယ်လို့ ကညန ရဲ့စာရင်းတွေအရသိရပါတယ်။

” အခုက ကုန်ကားတွေ ခရီးသည်တင်ကားတွေလုပ်ပေးနေတာ၊ အခုလနောက်ဆုံး အပြီးလုပ်ရမှာလို့ပြောထားပါတယ်၊လျှောက်ရင် အုံနာဘုတ် မူရင်းနဲ့မိတ္တူ၊ဝိတက်မိတ္တူလိုတယ်။၂ပတ်ကြာရင် နံပါတ်ပြားအသစ်ထုတ်လို့ရပြီ၊ လာထုတ်ချိန်ကျရင်လည်း နံပါတ်ပြားအဟောင်းပါရမယ်၊အုံနာဘုတ်မူရင်းလည်းပါရပါတယ် “လို့ ဖောင်းကြွနံပါတ်ပြားအသစ် ကိုယ်စားလှယ် ပြုလုပ်ပေးနေသူတဦးကပြောပါတယ်။

လက်ရှိမှာ ဌာနဆိုင်ရာကကားတွေ၊ မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းတွေ ၊ အဝေးပြေးခရီးသည်တင်ကား၊ တက္ကစီ၊ ကုန်တင်ယာဉ်တွေအားလုံးကို ဖောင်းကြွနံပါတ်ပြားပုံစံအသစ် တပ်ဆင်ပေးမှုအနေနဲ့ ရာနူန်းပြည့်နီးပါး ပြီးစီးသလောက်ဖြစ်နေပြီလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကညန #ဖောင်းကြွနံပါတ်ပြားအသစ် #ပြောင်းလဲတပ်ဆင်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW