မြစ်ငယ်မြို့မှာ ရွှေထည်ပစ္စည်း သိန်း ၇၀၀နီးပါး ဓားပြတိုက်ခံရမှုဖြစ်ပွား

မတ် ၁၃ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဆောက်တောဝအုပ်စု၊ဆောက်တောဝမြောက်ရွာက လူနေအိမ်တလုံးမှာ မနေ့ မတ် ၁၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၇၀၀နီးပါး ပါသွားတယ်လို့ ဆောက်တောဝကျေးရွာနေ ဒေသခံတွေဆီက သိရပါတယ်။

” အသက် ၇၀ ဝန်းကျင်အရွယ် အဘွားဒေါ်လှကြည်ရဲ့အိမ်မှာ ဓားပြတိုက်ခံရတာပါ ၊ နေ့လယ်၁၂ နာရီလောက်က အဘွား ဒေါ်လှကြည် တဦးတည်း နေအိမ်မှာ ရှိနေတဲ့အချိန် ဓားပြ ၄ ယောက်က အိမ်ထဲဝင်လာပြီး အိမ်ရှင် ဒေါ်လှကြည်ကို ဖမ်းဆီး ချုပ်နှောင် ပါးစပ်ကို အဝတ်စို့ပြီး မျက်နှာတခုလုံး အဝတ်စည်းထားတယ် ၊ နောက်ပြီး နေအိမ်ထဲမှာ သိမ်းဆည်းထားတဲ့ ရွှေထည်းပစ္စည်းမျိုးစုံ သိန်း ၆၀၀ ကျော်ဖိုး ယူသွားတာဖြစ်တယ် ” လို့ အိမ်ရှင် ဒေါ်လှကြည်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဆောက်တောဝ မြောက်ရွာမှာ တစ်ဦးတည်းနေတဲ့ ဒေါ်လှကြည် (၆၉) နှစ်ရဲ့ နေအိမ်မှာ ဖြစ်တယ် ၊ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဒေါ်လှကြည်ရဲ့နေအိမ်ထဲကို အမည်မသိ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ဝင်ရောက်လာပြီး ၊ အိမ်ရှင်ကို ဖမ်းဆီး ချုပ်နှောင်ကာ ခြိမ်းခြောက်ပြီး အိမ်ခန်းအတွင်းမှာရှိတဲ့ ရွှေနှင့်စိန်တွဲဖက်ထားတဲ့ ဆွဲကြိုး ၅ကုံး(ခန့်မှန်းတန်ဘိုး ၃၅၀သိန်းခန့်)၊ပီခြူးလက် ကောက် ၁၄ကွင်း(ခန့်မှန်းတန်ဘိုး ၂၈၀ သိန်းခန့်)၊ ၁ကျပ်သား ရွှေလက်စွပ် ၄ကွင်း(ခန့်မှန်းတန်ဘိုး ၅၆သိန်းခန့်)၊စုစုပေါင်းတန်ဘိုး သိန်း ၆၈၆ ကျော်ဖို ယူသွားတယ်”လို့ ပြောပါတယ်။

မနေ့ မတ်လ ၁၂ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း နဲ့ ၂၇လမ်းကြား အောက်ကမ်းနားလမ်းက ဒေါ်တော မုန့်တီဆိုင်မှာ ဓားပြတိုက်ခံရမှု ဖြစ်ပွါးခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းရွာက နေအိမ်တခုမှာ ဓားပြတိုက်ခံရပြီး ၊ အဲ့ဒီ ဓားပြတိုက်ခံရတဲ့ နေအိမ်မှာ အလည်ရောက်နေတဲ့ ဒုရဲမှူး တစ်ယောက် ပစ်သတ်ခံရကာ ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပါသွားတယ်လို့ မန္တလေး ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက လုယက်မှုနဲ့ ဓားပြမှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဥ်တွေအတွင်းက ပြစ်မှုကျူးလွန်သူတချို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ကျန်လူတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ငယ် #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW