ဒီးမော့ဆိုမှာ စစ်ဘေးရှောင် ကလေးတွေ အရေပြားရောဂါခံစားနေရပြီး အကူအညီလိုအပ်နေ

မတ်၊၂၈-၂၀၂၃
MM(VOM)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေမှာ အရေးပြားရောဂါတွေ ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီကနေ သိရပါတယ်။

”အနာလေးတွေ ကလေးတွေမှာ အများဆုံးပေါက်နေတာပါ၊ ယားလို့ကုတ်ရင်းကနေ အရေကြည်ဖုလေးတွေဖြစ်တာ၊ အဲဒီ့အရေကြည်ဖုလေးတွေ ကနေအနာဖြစ်တာ၊ ဒေသအခေါ် အနာစက်လို့လည်းခေါ်ပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆေးဝါးကုသမှုအကူအညီတွေ လိုအပ်နေတယ်။”လို့စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

အဲ့ဒီ ဒေသခံစစ်ဘေးရှောင်ကလေးတွေ အရေပြားရောဂါခံစားနေရတာဟာ အချိန်အားဖြင့် (၂)ပတ်ကျော်ခန့်ရှိလာပြီလို့သိရပြီး ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေအပြင် အာဟာရရှိတဲ့ အစားအသောက်ပစ္စည်းတွေလည်း အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

”ကလေးတွေမှာတွေ့ရတဲ့ အနာတွေကို ကြည့်ရင် သန့်ရှင်းရေးအားနည်းလို့ ဖြစ်နေတာလို့ယူဆပါတယ်၊ စစ်ရှောင်တွေအားလုံး သန့်ရှင်းရေးအတွက် အဓိက လိုအပ်ချက်က ရေဖြစ်ပါတယ်၊အခု စစ်ရှောင်တွေမှာ ရေလိုအပ်ချက်ရှိနေတယ်လို့သိရတယ်၊ရေလိုအပ်ချက်ရှိနေတာကြောင့် သန့်ရှင်းမှုကောင်းကောင်းမလုပ်နိုင်လို့ အခုလိုဖြစ်တာပါ၊ဒါ့ကြောင့်
အလှူရှင်တွေပဲဖြစ်ဖြစ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်ရေရရှိရေးကို လုပ်ပေးဖို့ဆော်သြချင်တယ်၊ အခုတော့ ကလေးတွေက အရေပြားရောဂါခံစားနေရတဲ့အပြင် ဆေးဝါးတွေ အစားသောက်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ချက်ရှိနေတယ်၊ကလေးတွေ အာဟာရချို့တဲ့နေတဲ့ လက္ခဏာတွေကိုတွေ့ ရပါတယ်။”လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

အရေပြားရောဂါခံစားနေရတဲ့ ကလေးတွေဟာ လက်တလော အသက်အန္တရာယ်မရှိနိုင်ပေမယ့် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရပါက အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သုံးသပ်ပြောကြားချက်အရ သိရပါတယ်။

အဲ့ဒီဒေသမှာ စစ်ဘေးရှောင်ဦးရေ ၁၃၀၀၀ ကျော်အထိ ရှိတယ်လို့သိရပြီး အရေပြားရောဂါခံစားနေရတဲ့ကလေးတွေ အကူအညီလိုအပ်နေတဲ့အပြင် အခြားစစ်ရှောင်တွေမှာလည်း နေထိုင်ဖို့ အဆောက်အဦးတွေ၊ အမိုးအကာတွေ အဝတ်အထည်တွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒီးမော့ဆို

Related posts

Leave a Comment

VOM News

FREE
VIEW