နမ့်လမ်-သီပေါကားလမ်းဘေး ချောက်ထဲကို ခရီးသည်တင် ကား ပြုတ်ကျပြီး လူ ၄ ယောက် သေဆုံး

ဧပြီ ၃ – ၂၀၂၃
GG (VOM)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊သီပေါမြို့နယ် နမ့်လမ်-သီပေါကားလမ်းဘေး ချောက်ထဲကို ခရီးသည်တင် express မှန်လုံကားတစီး ပြုတ်ကျပြီး ကားပေါ်ပါသူ ၄ ယောက်စလုံး သေဆုံးမှု မနေ့ ဧပြီ ၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေက ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် အမျိုးသား ၊ကားပေါ်ပါလာတဲ့ ခရီးသည်အမျိုးသမီး ၂ ယောက်တို့ဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ခရီးသည်တင်ယာဥ်လိုင်းပဲ၊ကားကနာမည်ရေးမထားဘူး။ကားပေါ်မှာက ၄ယောက်ပဲပါတာ၊ အကုန်သေတာပါ။ အမျိုးသား ၁ယောက်က လားရှိုးကပါ၊ကျန်တဲ့၃ယောက်ကတော့ နမ့်လမ်ကပါ။ ကျနော်တို့ကို ဘေးရွာကသတင်းကြားတော့ ဖုန်းဆက်အကြောင်းကြားလို့ သွားတာပါ။ ၃ နာရီ၅၀လောက်ဖြစ်တာ ၊ ” လို့ ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးသူအမျိုးသား ၂ ယောက်ဟာ အသက်၃၆ နှစ်နဲ့ ၃၈ နှစ်အရွယ်တွေဖြစ်ပြီး တယောက်ရဲ့ရုပ်အလောင်းကိုတော့ ဇာတိဖြစ်တဲ့ လားရှိုးကိုပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်တဲ့အမျိုးသမီး ၂ယောက်နဲ့အမျိုးသား၁ယောက်ကိုတော့ နမ့်လမ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ချောက်ထဲထိုးကျခဲ့တဲ့ကားဟာ နမ့်လမ်ကနေ လားရှိုးကိုပြေးဆွဲနေတဲ့ကားဖြစ်ကြောင်း၊မနေ့ကလည်း လားရှိုးကိုသွားစဥ် အခုလို ချောက်ထဲကျမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နမ့်လမ်-သီပေါကားလမ်းမှာ အရင်နှစ်တွေတုန်းကလည်း ကားတိမ်းမှောက်တာတွေရှိပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သီပေါ #ကားတိမ်းမှောက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW