မြန်မာမှာ ၂ ရက်အတွင်း ကိုဗစ်တွေ့သူ ၆၉ ယောက်ထိရှိ၊ ဆေးရုံကြီးမှာ ကုသတဲ့နေရာတွေ ပြန်ဖွင့်ထား

ဧပြီ ၂၁ – ၂၀၂၃
GG(VOM)

မြန်မာနိုင်ငံမှာ ၂ ရက်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၆၉ယောက်အထိရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

ဧပြီလ ၁၉ ရက်နေ့ မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၃၉ ယောက်ရှိပြီး ဧပြီလ ၂၀ ရက်နေ့မှာ ကိုဗစ် ပိုးတွေ့ရှိသူ အယောက်၃၀ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ရန်ကုန်ဆေးရုံကြီးမှာ Covid Ward(ကိုဗစ်ကုသနေရာ)တွေ ပြန်လည်ဖွင့်လှစ်ထားနေပြီဖြစ်တယ်လို့သိရပါတယ်။

” ဆေးရုံမှာ covid ward ပြန်ဖွင့်နေပြီ။ Day 1 နဲ့ တင် လက္ခဏာ အကုန်နီးပါး ပြနေတယ်။Spo2 90 ဝန်းကျင်နဲ့ပါ။ကြည့်ရတာတော့ 4th wave strain လိုပဲ ကူးစက်မြန်နိုင်ပြီး အစပိုင်း symptoms ပြင်းမယ်လို့ထင်ရတယ်။” လို့ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တဦးကပြောပါတယ်။

လက်ရှိ ကိုဗစ်ပိုးတွေ့လူနာတွေမှာတွေ့ရတဲ့လက္ခဏာတွေက လည်ချောင်းနာခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ချောင်းဆိုး​ခြင်း ၊ ချွဲထွက်ခြင်း၊ ဝမ်းလျှော​ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း ၊အနံ့ပျောက်​ခြင်း၊ အဖျားကြီးခြင်း၊ ၊ခန္ဓာကိုယ်နုံးချိခြင်းနဲ့အသက်ရှူကြပ်တဲ့လက္ခဏာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လူထူထပ်တဲ့နေရာတွေရှောင်ကြဖို့နဲ့ အပြင်ထွက်ပါက Mask ကိုတပ်ဆင်ပြီးမှသွားလာဖို့ လိုအပ်သလို အပြင်ကပြန်လာပြီးတိုင်းလည်း လက်ကိုဆပ်ပြာနဲ့ဆေးကြောဖို့ လိုအပ်တယ်လို့သိရပါတယ်။

၂ ရက်အတွင်း တွေ့ရှိတဲ့ ကိုဗစ်လူနာ၆၉ယောက်ထဲမှာ ပြည်တွင်းကူးစက်မှုက အယောက် ၃၀ ပါဝင်ပြီးကျန်၃၉ ယောက်က ပြည်ပကနေပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါမျိုးကွဲအသစ်တွေ့ရှိထားကြောင်းနဲ့ ရောဂါကူးစက်ခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတဦးဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမှာ အသစ်တွေ့ရှိထားတဲ့ ကိုဗစ် ၁၉ ရောဂါမျိုးကွဲအသစ်ဟာ ကိုဗစ်ကာကွယ်ဆေးကို တိမ်းရှောင်နိုင်စွမ်းရှိတယ်လို့လည်း ထိုင်းနိုင်ငံသတင်းဌာနတွေရဲ့ဖော်ပြမှုအရ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာတော့ ဧပြီလ ၂၀ ရက်နေ့ အထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ( ၆၃၄,၂၄၃)ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း (၁၉,၄၉၀) ဦး ထိရှိထားပါတယ်။

#voiceofmyanmar #VOM #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW