တာမွေက အထည်ဆိုင် နောက်ထပ်တဆိုင် ဖောက်ထွင်းခံရပြီး သိန်း၃၀၀ ကျော်တန်ဖိုးရှိတဲ့ အထည်၄၀၀၀ ကျော်ပါသွား

ဧပြီ ၂၃ – ၂၀၂၃
GG(VOM)

ရန်ကုန်၊တာမွေမြို့နယ်၊သမိန်ဗရမ်းလမ်းမှာဖွင့်ထားတဲ့ ” MAIN ” အဝတ်အထည်ဆိုင် ဖောက်ထွင်းခံရပြီး သိန်း၃၀၀ ကျော်တန်ဖိုးရှိ အထည် ၄၀၀၀ ကျော်ပါသွားတယ်လို့သိရပါတယ်။

ချည်ထိုးတီရှပ်ဒီဇိုင်းအစုံ၊Vshape T-shirt ဗြောင်၊Polo shirt ၊Apple hoodie/Bacon T-shirt ၊Its myday T-shirt ၊ Bacon T-shirt/Apple T-shirt အထည် စုစုပေါင်း ၄၁၀၀ ပါသွားတာဖြစ်တယ်လို့သိရပါတယ်။

” အမတို့ မနေ့က ၂၂ ရက်မနက်ဆိုင်ရောက်တော့မှ ဖောက်ထွင်းခံထားရတာသိတယ်။ဒီတော့၂၁ ရက်နေ့ညပိုင်းမှာ လုပ်သွားတာလို့ထင်တယ်။ဆိုင်ထဲကအရှေ့ခြမ်းမှာထားတဲ့ အင်္ကျီတွေအကုန်ပါသွားတယ်။အံံဆွဲထဲမှာ စျေးဝယ်သူပြန်အမ်းဖို့ထားထားတဲ့အကြွေတွေရော အကုန်ပါသွားတယ်၊သူခိုးက အုပ်စုလိုက်လာတာမို့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ထားကြပါရှင်၊ကိုယ်ပိုင်ချွေးနည်းစာနဲ့ သမာအာဇီဝရှာထားရတဲ့ပိုက်ဆံမို့လို့ အရမ်းနှမြောပါတယ်”လို့ ဆိုင်ရှင်ဖြစ်သူကပြောပြပါတယ်။

အဝတ်အထည်တွေအပြင် ဆိုင်ထဲက Inverter၊ batteryအိုးနဲ့CCTV record စက် ၊ အလှကြည့်မှန်နဲ့ အဝတ်အစားထည့်တဲ့ချင်းတွေကိုပါ ယူသွားတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ဆိုင်ဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီး ဆိုင်ရှင်က တာမွေရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့သိရပါတယ်။

ဧပြီလ ၂၀ ရက်နေ့ ညပိုင်းကလည်း တာမွေမြို့နယ်၊ သီတာလမ်းက တိုက်ခန်းတခုရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ Shwe Sapal Phyu ရွှေစံပယ်ဖြူချည်ထည်ပင်ရင်းဆိုင်ကို လူ ၆ ယောက်က ကားနဲ့လာပြီး သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ အထည် ၅၀၀ ကျော်ကို ဖောက်ထွင်းခိုးယူသွားမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် တာမွေမြို့နယ်နေထိုင်သူတွေကတော့ အဆိုပါ Main အဝတ်အစားဆိုင် ဖောက်ထွင်းခိုးယူခံရမှုကို ရွှေစံပယ်ဖြူချည်ထည်ဆိုင်ကိုဖောက်ထွင်းတဲ့အဖွဲ့ကလုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြတာလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #တာမွေ #နောက်ထပ်အထည်ဆိုင်တခု #သိန်း၃၀၀ကျော်ဖောက်ထွင်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW