အထည်ချုပ်လုပ်ငန်းတွေမှာ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတဲ့အတွက် အထည်ချုပ် လုပ်သား(၉)သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်နေ

မေလ၊၁-၂၀၂၃
MM [ VOM]

နိုင်ငံတဝှမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် အထည်ချုပ်စက်ရုံလုပ်ငန်းတွေ ရာနှုန်းပြည့်မလည်ပတ်နိုင်သေးတာကြောင့် လုပ်သားဦးရေ(၉)သောင်းဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

”ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေ ရာနှုန်းပြည့် မလည်ပတ်နိုင်သေးတာက ကိုဗစ်ရောဂါဖြစ်ပွားခဲ့တာနဲ့ ပြည်တွင်းနိုင်ငံရေးအကျပ် အတည်းဖြစ်နေတာကြောင့်ပါ၊ အရင်လို ပြည်ပက အထည်တွေ အမှာကုန်လည်း များများမရှိတော့တာကြောင့်လည်းပါတယ်၊ လက်ရှိ လုပ်ငန်း ၆၀ရာခိုင်နှုန်းအထိလောက်သာ လည်ပတ်နိုင်သေးပါတယ်၊ ဒါ့ကြောင့် ပျှမ်းမျှလုပ်သား ၉ သောင်းဝန်းကျင်အထိ အလုပ်လက်မဲ့ဖြစ်နေတယ်။”လို့ အလုပ်သမားအရေးကူညီဆောင် ရွက်ပေးနေတဲ့အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိလည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာလည်း လျှပ်စစ်မီး အချိန်မှန် မရတာကြောင့် အလုပ်ချိန်အပြည့် မဆင်းရတဲ့အတွက် လုပ်အားခထဲကနေဖြတ် တောက် နေတာကြောင့် လုပ်အားခအပြည့်အဝမရတဲ့ အခက်အခဲနဲ့ လုပ်သားလျှော့ချမယ့် အခြေအနေ အခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ အထည်ချုပ် ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

”အလုပ်သာ လုပ်နေရတာ စိုးရိမ်စိတ်နဲ့ လုပ်နေရတယ်၊ ဘယ်တော့ ရပ်သွားမလည်း၊ဘယ်တော့ အလုပ်သမား လျှော့ချမလည်းဆိုတာနဲ့ ၊ အခု ဆင်းနေရတဲ့အလုပ်ကလည်း လျှပ်စစ်မီး မရတာကြောင့် နေ့တဝက်ဆင်းရတာနဲ့ နားနေရတဲ့ ရက်ကများနေတယ်၊ နောက်ပြီး ကိုယ့်လုပ်အားခထဲကနေ ပြန်ဖြတ်နေတာ၊ အရင်လို တစ်လလုပ်လို့ တစ်လအပြည့်အဝမရဘူး၊ လုပ်အားခ အပြည့် အဝမရတော့ တော်တော်ခက်ခဲနေတယ်၊အခုက ကုန်ဈေးနှုန်းကလည်း တနေ့တခြား တက်နေတော့ တော်တော်ဆိုးတာ၊ တစ်ယောက်လုပ် တစ်ယောက်စား တောင် မဝတဲ့ ခေတ်လေ။”လို့ ရန်ကုန် လှိုင်သာယာက အထည်ချုပ်ဝန်ထမ်း တစ်ဦးကပြောပါတယ်။

အထည်ချုပ်စက်ရုံကနေ အလုပ်လက်မဲ့ဖြစ်ရသူတွေဟာ အလုပ်ရှာတာတွေလုပ်နေကြရပြီး အခြားစက်ရုံတွေကို အလုပ်သွားရှာတဲ့အခါမှာလည်း အလုပ်ကနေ လူမလိုတာ ၊ လုပ်သားလျှော့ချတာ ၊ စက်ရုံပိတ်တာ ၊ လုပ်အားခနဲ့ အခြားအခက်အခဲတွေကြောင့် အလုပ်သမားတွေ ဆန္ဒပြနေတာတွေ အခုထိရှိနေတာကြောင့် အဆင်မပြေ အလုပ်မရဖြစ်နေတယ်လို့သိရပါတယ်။

”ပထမ အထည်ချုပ်စက်ရုံကနေ အလုပ်ပြုတ်လို့ နောက်ထပ် အလုပ်ရှာနေတာ၊ နားထားတဲ့ စက်ရုံတွေ ၊လူသစ် မလိုတဲ့ စက်ရုံတွေ ၊ သူတို့ဖာသာတောင် လူလျှော့တဲ့စက်ရုံတွေနဲ့တိုးနေတယ်၊ တချို့စက်ရုံတွေမှာဆို လုပ်အားခ အပြည့်အဝ မရတာကြောင့် ဆန္ဒပြနေတာတွေဖြစ်နေ တယ် ၊ ကိုယ်က မတိုးသာဘူး ၊ အလုပ်ရှာရတာ ၂ လကျော်လာပြီး အခုအထိ အဆင်မပြေ အလုပ် မရဘူး ဖြစ်နေတယ်။”လို့ အလုပ်ပြုတ်အထည်ချုပ်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

လက်ရှိ လည်ပတ်နေတဲ့ အခြားအထည်ချုပ်စက်ရုံတွေမှာလည်း အော်ဒါအထည် မှာယူတာတွေ နည်းပါးလာတာကြောင့် လာမယ့်လတွေမှာ အခုလိုအဖြစ်တွေနဲ့ ထပ်ပြီးကြုံလာရနိုင်တယ်လို့ အထည်ချုပ်အလုပ်သမားတွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အခုလို အလုပ်လက်မဲ့ဖြစ်နေရတဲ့ အလုပ်သမား(၉) သောင်းဝန်းကျင်ထဲမှာ စက်ရုံနဲ့ နီးစပ်တဲ့ ရပ်ကွက်တွေကို မိသားစုလိုက်ရွှေ့ပြောင်းပြီး အဆောင်ငှားနေတဲ့ အထည်ချုပ် အလုပ်သမား မိသားစုတွေ၊ စက်ရုံကရတဲ့ လစာကိုပဲ အားကိုးနေရတဲ့သူတွေအတွက် ဘဝပျက်တဲ့အထိ ဖြစ်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #အထည်ချုပ်လုပ်ငန်း #လုပ်သား၉သောင်းကျော် #အလုပ်လက်မဲ့ဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW