မုန်တိုင်း`မိုခါ´ရှောင်တိမ်းဖို့အတွက် ဧရာဝတီတိုင်းက ရေယာဉ်တွေအားလုံး ပြေးဆွဲမှုရပ်နား

မေ၊၁၂-၂၀၂၃
MM(VOM)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကာင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကို ရှောင်တိမ်းဖို့အတွက်ဆိုကာ ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေအားလုံးကို ပြေးဆွဲမှုရပ်နားထားကြတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ကိုအခြေပြုကာ ပင်လယ်ပြင်ကနေ ကမ်းနီးကမ်းဝေး ပြေးဆွဲနေတဲ့ ရေယာဉ်တွေအားလုံးအနေနဲ့ မေလ ၁၀ ရက်ကနေ ၁၅ ရက်အထိယာယီရပ်နားထားဖို့ သက်ဆိုင်ရာက ရေယာဉ်တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

”ဟုတ်ပါတယ်၊ သက်ဆိုင်ရာက အကြောင်းကြားထားတာပါ၊ ဧရာဝတီတိုင်းက မုန်တိုင်းသက်ရောက်မှုရှိနိုင်တဲ့ နေရာဒေသတွေကရေယာဉ်တွေကို အကုန်ရပ်နားထားတာပါ၊ ပင်လယ်ခရီးထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့အပြင် ရေယာဉ်တွေကို ကူညီကယ်ဆယ်လုပ်ငန်းတွေမှာ ဆောင်ရွက်နိုင်ဖို့ပါ အသင့်စီစဉ်ထားခိုင်းတယ်၊ရေယာဉ်တွေကို လုံခြုံတဲ့ ချောင်းတွေ မြောင်းတွေထဲထည့်ပြီး ထားရမယ်လို့အကြောင်းကြားထားတယ်၊လတ်တလောအနေနဲ့တော့ ၁၅ ရက်အထိ ရပ်ထားရမယ်တဲ့”လို့ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ တာဝန်ရှိတစ်ဦးက ပြောပါတယ်။

ရေယာဉ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ စည်းကမ်းလိုက်နာမှုမရှိဘဲ ပင်လယ်ပြင်ကို ခရီးထွက်ပြေး ဆွဲသွားလာမယ်ဆိုရင် ရေယာဉ်စည်း ကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီအဖွဲ့ကသတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

”ရေယာဉ်တွေ မရပ်နားရင် အရေးယူမယ်လို့ ညွန်ကြား လာတာပါ၊ နားထားတဲ့ ရေယာဉ်တွေများပါတယ်၊ အသက် မသေရင် နေ့တိုင်း အလုပ်က လုပ်ရမှာလေ၊ ဒါ့ကြောင့် မုန်တိုင်းဖြစ်နေတဲ့ကာလအတွင်းမှာတော့ ဘာပဲဖြစ်ဖြစ် ရပ်နားတာကောင်းပါတယ်၊ လောလောဆယ်တော့ မေလ ၁၅ ရက်အထိ ရေယာဉ်တွေအကုန်ရပ်ထားရမယ်လို့ ပြောပါတယ်၊ အခု မုန်တိုင်းကလည်း အရင်ထက် အားကောင်းလာတယ်တဲ့၊ အကုန်သတိထားရမယ်။”လို့ ပုဂ္ဂလိကရေယာဉ်များပြေးဆွဲတဲ့လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မေလ ၁၂ ရက် မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)”ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးကဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့် မှန်းထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီအားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း `မိုခါ ´ဟာ ရခိုင်ပြည်နယ်( မြောက်ပိုင်း)ကိုဖြတ်ကျော်ဝင်ရောက်တဲ့အချိန် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ (၁)နာရီကို မိုင်(၄၀)ကနေ မိုင်(၆၀)အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ရေယာဥ်တွေရပ်နားထားရ

Related posts

Leave a Comment

VOM News

FREE
VIEW