ကလေးမြို့ ကျောင်းအပ်နှံရေး လက်ခံတဲ့နေရာမှာ ပစ်ခတ်မှုဖြစ်ပွား

မေ ၂၄ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ အမှတ် (၈ ) အခြေခံပညာ အထက်တန်းကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျောင်းအပ်နှံရေး လက်ခံနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ကျောင်းသူ/ကျောင်းသား မိဘတွေဆီက သိရပါတယ်။

” ကျောင်းသား မိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ ကျောင်းအပ်လက်ခံနေတဲ့အချိန် ကျောင်းအပြင်ဘက် လမ်းပေါ်ကနေ သေနတ်နဲ့ ၆ ချက် ပစ်ခတ်သွားတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုအပြီးမှာ ကျောင်းလာအပ်တဲ့သူတွေ တချို့တဝက် အိမ်ပြန်ကုန်ကြတယ် ” လို့ ကျောင်းအပ်လာသူ ကျောင်းသား မိဘတယောက်ကပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကလေးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” သဇင်လမ်းဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက် ( စီစစ်ဆဲ) က ၊ ကျောင်းအပ်လက်ခံတဲ့ဘက်ကို ပစ္စတိုသေနတ်နဲ့ ပစ်သွားတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် အထိတ်တလန့်ဖြစ်ရုံမှတပါး အခြား ထိခိုက်တာ မရှိဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကလေးမြို့နယ်မှာ CDM ကျောင်းဆရာ ၊ ကျောင်းဆရာမတွေ အပါအဝင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေက ပညာရေး ဝန်ထမ်းတွေရော အဖမ်းခံထားရတာ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ၊ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာလည်း ဒီကနေ့ မနက်ပိုင်းက ကျောင်းအပ်နှံရေး လက်ခံနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးတာ ဖြစ်ခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ကလေး #ကျောင်းအပ်နေရာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW