ငယ်မူကို မဖျောက်နိုင်ဘု

ဆူးငှက်

မန္တလေးသားမှန်ရင် “လက်ရေတပြင်တည်း”သီချင်းကို သိရစ်သက်ကြသာချည်းပါပဲ။

နန်းတော်ရှေ့ဆရာတင်က ဒီသီချင်းကို လေဘာတီမမြရင်အတွက် ရေးစပ်ပေးခဲ့တာပါ။ လေဘာတီက မြို့မနဲ့ အငြိမ့်ညွန့်ပေါင်းမှာလည်း ဒီသီချင်းကို သီဆိုခဲ့ပါသတဲ့။ ကိုလိုနီခေတ်က သာစည် ဒိစတြိတ်ထဲမှာ ပါဝင်ပြီး အခု ဝမ်းတွင်းမြို့နယ်ထဲမှာ တည်ရှိတဲ့ မမြရင်ရဲ့မွေးဇာတိ ရွှေဖလားကန်ရွာလေးကို သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်ကလည်းရောက်ဖူးပါသတဲ့။ ရွာမှာ “ဆိုင်းငြိမ့်”(ဆိုင်းအဖွဲ့က အငြိမ့်ခန်းပါတဲ့ အစီအစဉ်) အဖွဲ့ကတာ မင်းသမီးလေး မမြရင်ကို ဆရာတင်တွေ့သွားပြီးနောက်ပိုင်း မမြရင်က မန္တလေးတက်လာကာ နာမည်ကျော်မင်းသမီးကြီးဖြစ်သွားတဲ့အထိ ဆရာတင်က ဆရာလို၊ ဦးလေးလိုစောင့်ရှောက်ခဲ့ပါသတဲ့။

ဒါကြောင့်လည်း မမြရင်တို့ “ရွှေဖလားကန်”ရွာကို မမြရင်နဲ့အတူ ဆရာတင်လည်း မကြာခဏ ရောက်သလို မမြရင်မပါဘဲလည်း ဆရာတင်တစ်ယောက်တည်း ရောက်လာတတ်ပါသတဲ့။ ဒီတော့ နန်းတော်ရှေ့ဆရာတင်က မမြရင်ရဲ့ ငယ်ဘဝကိုလည်း သိတယ်။ မမြရင်ရဲ့ဇာတိရွာနဲ့လည်း ကျွမ်းဝင်တယ်။ မမြရင်ရဲ့ အမူအကျင့်စရိုက်ကိုလည်း ရင်းနှီးတယ်။ဒါကြောင့်လည်း ” မြမဒီခင် ခပ်ငယ်ငယ် တေးဆိုကြ၊မြူးပျော်ခဲ့ကြ “တဲ့။ ရွှေဖလားကန်ရွာနဲ့ ရွာဝန်းကျင်မြင်ကွင်းကို လက်ရေတပြင်တည်း သီချင်းမှာ ထည့်စပ်ခဲ့တာပါ။

မန္တလေးက ဘုရင့်နေပြည်ရွှေမြို့တော်ကြီးဖြစ်ပေမယ့် ရွှေဖလားကန်ရွာကတော့ ဝေးလံသီခေါင်(မန်းမြေ၊ မန်းရေနဲ့ဝေး)တဲ့ ကျေးလက်မို့ အဲဒီခေတ်အခါအထိ ရွာမှာ ထမင်းစားကြရင် “ဒေါင်းလန်း”နဲ့ပဲ စားကြတာပေါ့။

ဒေါင်းလန်းက လူငါးယောက်လောက် တစ်ခါတည်း ဝိုင်းဖွဲ့ထိုင်စားလို့ရပြီး ဘာအကန့်မှမပါတဲ့ ယွန်းဗျပ်ကြီးပါ။ ထွာဆိုင်လောက်အမြင့်ရှိတဲ့ ပတ်ပတ်လည်ခွာဒေါက်တွေပါပါတယ်။ အဲဒီထဲ ထမင်းတွေရော၊ ဟင်းတွေရော၊ ဟင်းချို၊ ချဉ်ရေရော တစ်ခါတည်း ပုံပြီးထည့်ပြီး စားကြရတာ။ အဲဒါ “လက်ရေတစ်ပြင်တည်း” ပါပဲ။

မမြရင်ရဲ့မွေးဇာတိ ရွာနီးဝန်းကျင်က ယာခင်း၊ ကိုင်းခင်းတွေ စည်းရိုးတွေ၊ စည်းရိုးကန်သင်းတွေမှာလည်း အလေ့ကျပေါက်တဲ့ ဟင်းရွက်တွေကလည်းပါပါဘိသတဲ့…။တောဓလော့ တောစရိုက် ယာခင်း၊ ကိုင်းခင်းကအပြန် ခါးပုံထဲ စားကောင်းသမျှ ဟင်းရွက်ချဉ်ရွက်လေးတွေ ခူးလာပြီး စားခါနီးမှ ဖိုခနောက်ပေါ်က မြေအိုးထဲ ငါးပိလေး နည်းနည်း ထည့်ပြီး ရောကျိုလိုက်တာပါ။ ပွတ်ပွက်ဆူ ဟင်းချိုရည်နဲ့ပေါ့…။ တံစို့ပေါ်မှာ ကင်ထားတဲ့ တစ်ခွက်တည်းသော အသားဟင်းက ဘာပါလိမ့်…။

ဟောဒီမှာ… ယာခင်းကအပြန် ကန်သင်းရိုးချောင်းပေါင်က ဖမ်းလာတဲ့ ပဒတ်ကို နနွင်းလေး၊ ဆားလေးနဲ့နယ်၊ တံစို့ထိုး၊ မီးကင်ထားလိုက်တာ အနံ့လေး သင်းလို့ မွှေးလို့…။အဲဒီဟင်းတွေနဲ့ မိသားစုဒေါင်းလန်းကြီး တစ်ချပ်ဘေး ဝိုင်းဖွဲ့ထိုင်ကာ လက်ရေတစ်ပြင်တည်း စားသောက်ကြရတဲ့ ငယ်ဘဝကို မမြရင်က လွမ်းတာပါ။ ရတနာပုံ ရွှေမြို့တော်မှာ စားပွဲနဲ့ ကုလားထိုင်နဲ့၊ တိုက်ပန်းကန်ပြားနဲ့ အလယ်တည် ပန်းကန်လုံးနဲ့ ဟင်းမယ်ဖွယ်ဖွယ်ရာရာ၊ ဇွန်းခရင်းကိုင်ပြီး ဟန်လုပ်စားရတဲ့ ဘဝ… မုန်းပါ့။

ဒါကြောင့်…

” ငယ်မူကိုမဖျောက်နိုင်ဘူး

ပျော်လောက်ဖွယ်…မယ်ရင်…ရယ်

လွမ်းပါဘိတယ်။

ပျို့ဇာတိနွယ်၊ ပျိုတို့ဇာတိနွယ်… “လို့ ဆရာတင်က မမြရင်ကို ကိုယ်ချင်းစာနာစွာ ရေးဖွဲ့ခဲ့တာပေါ့။ မမြရင်လေးအပေါ် ငယ်ကတည်းက သံယောဇဉ်ကြီးခဲ့သူဆိုတော့ နာမည်ကျော် အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့ ဥစ္စာဓနကြွယ်ဝပြီး သြဇာအာဏာရှိ၊ လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်တဲ့ တစ်ဦးတစ်ယောက်က အပိုင်စီးပြီး ရွှေလှောင်ချိုင့်ထဲ ထည့်ခံထားရတဲ့ မမြရင်လေးဘဝကို ဆရာတင်က စာနာ သနားနေမှာပေါ့။

ဆရာတင်က ရွှေဖလားကန်ရွာလေးကို ရောက်ဖူးနေတော့ မမြရင်လေး လွမ်းနေလောက်တဲ့ ရွာက မြင်ကွင်းလေးကိုလည်း သေချာထည့်ပြီး အမှတ်ရစေပါသေးရဲ့။

” မိုး…တိမ်ယံကာကွယ်…၊ ယာလယ်ပြင်လမ်းမှာလထန်းပင်၊ ထန်းလက်…ထန်းရွက်တွေက အသွယ်သွယ်ပါ မောင်ရယ်…၊

မြရင်တို့ရွာ…၊ ရိုးရာဇာတိနွယ်…

သြော်…လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လည်ပါတယ်မောင်ရယ်…”တဲ့လေ…။

ဟုတ်မှာပေါ့။ မမြရင်ငယ်ငယ်က “လမ်းမျက်စိ “လည်လောက်အောင် ထန်းတောကြီးက အုပ်ဆိုင်းမှိုင်းညှို့နေမှတော့…။ မမြရင်မွေးပြီး နှစ်ပေါင်း ၁၀၀ပြည့်ချိန် ရွှေဖလားကန်ရွာကို ကျွန်တော်တို့ ရောက်သွားချိန်မှာတောင် လက်ကျန် ထန်းတော အစွန်းအစကို တွေ့ခဲ့သေးတာပဲ။ အဲဒီ လက်ကျန် ထန်းတောက ထန်းပင်တွေကြားမှာ မမြရင် လှူဒါန်းရစက်ချခဲ့တဲ့ ဇရပ်လေးလည်း ကျန်ကောင်းကျန်ရာ ကျန်နေသေးတယ်။

ဒီသီချင်းမှာ ဦးလေးဆရာ၊ အစ်ကိုဆရာရင်ဖြစ်တဲ့ နန်းတော်ရှေ့ဆရာတင်က မမြရင်ကို အကြောင်းသိမို့ ကလိ လိုက်ပါသေးတယ်။ အခုလို လေဘာတီ မမြရင်အနေနဲ့ နာမည် မကျော်ခင် ရွှေဖလားကန်ရွာက “ဆိုင်းငြိမ့်”မင်းသမီးလေး မမြရင်ဘဝမှာ လူငယ်သဘာ၀ တစ်ရွာတည်းနေ၊ တစ်ရွာတည်းသားနဲ့ သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့ခဲ့ပါသတဲ့။ တစ်ရွာတည်းသားလေးက အဲဒီခေတ် ကိုလူပျို ကာလသားတို့ထုံးစံ ဆံပင်ရှည်ရှည်သျှောင်တစောင်းနဲ့ မို့ပါတဲ့…။ အခုတော့ မမြရင်က သဘင့်တက္ကသိုလ် ရတနာပုံ မန္တလေးရွှေမြို့တော်ကြီးရောက်နေပြန်တော့ ” ပုဝါပါးကို ကြက်သားထုပ်”မိသလိုမို့…

“အစ်ကိုနဲ့…ညိုနွဲ့… ကြိုလှည့်ပါ…ဆံကေသွယ်” တဲ့လေ။ ” … ကြိုလှည့်ပါ့၊ ဆံကေသွယ်” တဲ့။ တတ်နိုင်ပါပေ့…၊ ဆရာတင်ရယ်လေ…။ တကတည်း…။ ။

လက်ရေတပြင်တည်း (နနိးတော်ရှေ့ဆရာတင်)

– လက်ရေတစ်ပြင်တည်း ဒေါင်းလန်းကြီးတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီ ခင်ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ကြ… ၊

-ဟေ့ သူငယ်ချင်းရေ၊ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမည်း မိုးရွာမလိုနဲ့ပဲ၊

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း ၊ရှေးကတော့ ပိုချစ်ကြတယ်..။

-တောရွာသူတို့ အိမ်မယ်မောင်ရယ်၊ မြိန်ဖွယ်ပ ထမင်း ။ မိုးမျှော် ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ်ဒေါင်းလန်းကြီးရဲ့ အလယ်၊ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေ တစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်..။

– မိုးတိမ်ယံကာကွယ်၊ ယာလယ်ပြင်လမ်းမှာလ ထန်းပင်၊ ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ်၊မြရင်တို့ရွာ ရိုးရာဇာတိနွယ်၊သြော် လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လည်ပါတယ် မောင်ရယ် အစ်ကိုရဲ့ ညိုနွဲ့ ကြိုလှည့်ပါ့ ဆံကေသွယ်၊

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း၊ရှေးကတော့ ပိုချစ်ကြတယ်..။

– တံစို့ပေါ်မှာ ကင်တယ် ဆူရင် ခပ်ပြီး၊ ဟင်းရွက် ကန်စွန်းပေါင်းနဲ့ရေအင်တုံဝယ် သောင်းပြောင်းရောလို့နယ်၊ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်..။

-ချောင်းပေါင်မှာ ဖြတ်လာရှာတဲ့၊ ပဒက်ကလေး နီကျင်ကျင်ရယ်၊ နွယ်ကြိုးရှည်နဲ့သွယ် ငယ်မူကို မဖျောက်နိုင်ဘူး ပျော်လောက်ဖွယ် မယ်ရင်ရယ် လွမ်းပါဘိတယ၊် ပျို့ဇာတိနွယ်၊ ပျိုတို့ဇာတိနွယ် (နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့ အလယ် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်..)၂ ။

#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW