ဘီးလင်းမြို့နယ်မှာ ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး

မေ ၊ ၂၇ – ၂၀၂၃
SP( VOM)

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းအနီး ဒေါင်းကျေးရွာမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နွားစာကျွေးနေတဲ့သူ ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” လက်နက်ကြီးကျည်က ဒေါင်းကျေးရွာက ဦးစောဘခက်ရဲ့ နေအိမ်ဝန်းထဲကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီပေါက်ကွဲမှုကြောင့် အိမ်ရှင် ဦးစောဘခက်ရဲ့ တူ ၂ ယောက်စလုံး ထိမှန်သေတာ ” လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မွန်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က ” ဒီမနက်ပိုင်းက ရန်ကုန် – မော်လမြိုင် ကားလမ်းမှာ အမတ (၃၁၄) က လမ်းကင်း လုံခြုံရေးယူနေတဲ့အချိန် ဒေါင်းကျေးရွာထဲကို (စီစစ်ဆဲ) လက်နက်ကိုင်အဖွဲ့က Droneယာဉ် လွှတ်တင်ပြီး Drop Bomb ၂ လုံးပစ်ချ တိုက်ခိုက်ခိုက်တယ် ၊ အဲ့ဒီတိုက်ခိုက်မှုကြောင့် ဦးစောဘခက် ဆိုသူရဲ့ နေအိမ်ဝန်းထဲမှာ ဗုံးသီးကျပြီးပေါက်ကွဲတယ် ၊ နွားစာကျွေးနေတဲ့ စောမိုးထက် ၁၆ နှစ် (ဘ)ဦးခေးအောင် (၇)တန်းကျောင်းသားရဲ့ ဝဲပေါင် အစထိမှန်ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ပေါက်ပြဲ အစ ထိမှန်ဒဏ်ရာ၊ ယာဝမ်းဗိုက်ပေါက်ပြဲအူထွက် အစထိမှန်ဒဏ်ရာနဲ့ (သေဆုံး)တယ် ၊ နောက်ပြီး စောမော်ခါး ၁၆နှစ် (ဘ)ဦးစောအယ်ထူး (၇)တန်းကျောင်းသားလည်း ဝဲခြေသလုံးကျိုးပဲ့ အစထိမှန်ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ပြတ်ရှအစထိမှန် ဒဏ်ရာရရှိပြီး (သေဆုံး)တယ်”လို့ ပြောပါတယ်။

အဲ့ဒီ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘီးလင်းမြို့နယ်၊သိမ်ဇရပ်မြို့နားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန် – မော်လမြိုင် ကားတွေ မိုင်းစထိမှန်ပြီး လူထိခိုက်ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ဘီလင်း

Related posts

Leave a Comment

VOM News

FREE
VIEW