ပန်းဆိုးတန်း အခွန်ရုံး လုံခြုံရေးထူထပ်တဲ့ကြားက ဗုံးပေါက်၊ ဒုဦးစီးမှူးအပါအဝင် ၅ ဦးဒဏ်ရာရ

ဇွန် ၅ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အခွန်ဦးစီးမှူးရုံးမှာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က လုံခြုံရေးထူထပ်စွာ ချထားတဲ့ကြားက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုဦးစီးမှူးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဆက်သွယ်ရေးနဲ့ ကြေးနန်းဝန်ကြီးရုံးရှေ့၊ ကုန်သည်လမ်းထောင့်က အခွန်ရုံးမှာဖြစ်တာ။ လူ ငါးယောက်တော့ထိတယ်။ သေတော့မသေပါဘူး” လို့ သက်ဆိုင်ရာ လုံခြုံရေးပိုင်းအရာရှိတစ်ဦးက ပြောပါတယ်။

ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး (၃)၊ (၃) လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှာ အသံဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အများပြည်သူထိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ သံထိုင်ခုံဘေးမှ ပေါက်ကွဲခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဗုံးပေါက်လို့ ထိတဲ့အထဲမှာ ဝန်ထမ်းတွေလည်းပါတယ်၊ အရပ်သားတွေလည်း ပါတယ်။ ဗုံးစမှန်ပြီး ဒဏ်ရာရကုန်ကြတာ။ အသေအပျောက်တော့ မရှိဘူး။ ဒီဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို မဟာဗန္ဓုလလမ်းထိပ်ကနေ ကမ်းနားလမ်းအထိ လမ်းပိတ်ပြီး စစ်ဆေးတာတွေတော့ရှိတယ်” လို့ ‌ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူးဖြစ်သူ မဖြိုးဖြိုးအောင်၊ အခွန်ဌာနမှဝန်ထမ်းနှစ်ဦးနဲ့ အခွန်ရုံးသို့လာရောက်တဲ့ အမျိုးသမီးနှစ်ဦး စုစုပေါင်း ငါးဦး ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဗုံးပေါက်ကွဲခဲ့တဲ့ အကောက်ခွန်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က ဗုံးပေါက်ကွဲမှု (၃) ကြိမ် ဖြစ်ပွားခဲ့ပြီး ဦးစီးအရာရှိတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပန်းဆိုးတန်းအခွန်ရုံး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW