ဇွန် ၁၃- ၂၀၂၃
GG(VOM)
အိန္ဒိယနိုင်ငံက မြန်မာ့ မတ်ပဲအပေါ် အဓိကမှီခိုနေရတာကို လျှော့ချဖို့ဆိုပြီး စျေးကွက်အသစ်တွေရှာဖွေနေပေမယ့် မတ်ပဲလိုအပ်ချက်များတာကြောင့် မြန်မာမတ်ပဲက စျေးတန်းအမြင့်ဘက်ကိုသာ ဦးတည်နေတယ်လို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။
” သူတို့က ဘရာဇီးကို မတ်ပဲ သွားစိုက်ခိုင်းတယ်၊ မရပါဘူး။ပဲစဥ်းငုံကိုတော့ ဆူတန်ကိုစိုက်ခိုင်းတယ်တဲ့၊ဘယ်လိုမှမရဘူး။အာဖရိကမှာမုန်တိုင်းဝင်တော့ ပဲစဥ်းငုံတွေအကုန်ပျက်ကုန်တယ်၊မြန်မာပြည်ကကံကောင်းတယ် မတ်ပဲက ဒီပဲစိုက်ရတယ်၊အိန္ဒိယနဲ့ မြန်မာပြည်ပဲ စိုက်ရတယ်။ယိုးဒယားတောင်စိုက်မရဘူး။ မတ်ပဲ ပိဿာ၂၀ တစ်တင်းကို ၈၅၀၀၀ အထိကို အောက်ဆုံး တက်အုံးမယ်၊ပဲစဥ်းငုံက အခုတောင် ၁ သိန်းကျော်တယ်”လို့ အောင်လံကုန်စည်ဒိုင်ဥက္ကဋ္ဌဦးအောင်မိုးက သုံးသပ်ပြောဆိုပါတယ်။
အိန္ဒိယက မတ်ပဲ၊ပဲစဥ်းငုံ စျေးနူန်းကိုထိန်းဖို့ စျေးကွက်အသစ်ရှာဖွေနေတာဖြစ်ပေမယ့် အိန္ဒိယနိုင်ငံရဲ့ စျေးကွက်လိုအပ်ချက်၊ ပဲအထွက်နူန်းလျော့တာတွေ ကြောင့် ဝယ်လိုအားက မြင့်နေပြီး စျေးကွက်က ကျဆင်းဖို့မရှိတာဖြစ်တယ်လို့ ပြောပါတယ်။
” အယ်နီညိုကြောင့်ရယ် ၊သူ့နိုင်ငံက စားနပ်ရိက္ခါက မလုံလောက်ဘူးလေ၊ ပြီးခဲ့တဲ့ နှစ်မှာလည်း အိန္ဒိယက မတ်ပဲသိပ် မထွက်ဘူး၊သူတို့က မြန်မာမှာ မတ်ပဲတန် ၄ သိန်း ၅ သိန်းထွက်တယ်ဆိုပြီး သူတို့ကအေးဆေးဝယ်နေတာပေါ့။ပဲစဥ်းငုံကကျတော့လည်း အယ်နီညိုရာသီဥတုကြောင့် သူ့နိုင်ငံမှာလည်း မထွက်ဘူး ၊ကိုယ့်နိုင်ငံမှာလည်းမထွက်ဘူး၊မထွက်တော့ ပဲစဥ်းငုံကအရမ်းတက်တယ်။စျေးတန်းက အကျမရှိဘူး”လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ကထပ်မံပြောပါတယ်။
မတ်ပဲစျေးဟာ ပြီးခဲ့တဲ့ မေလတုန်းက ပိဿာ ၂၀ ကို ၇၀၀၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ လက်ရှိမှာ ၈၀၀၀၀ ကျပ်နီးပါးအထိ မြင့်တက်လာကာ ပဲစဥ်းငုံကလည်း မေလတုန်းက ၇၀၀၀၀ ကျော်ရှိရာကနေ အခုဇွန်လမှာတော့ တစ်တင်းကို ၁ သိန်း အထက်စျေးတန်းရှိလာတယ်လို့ သိရပါတယ်။
” သူ့တို့ကလည်း သူတို့အလှည့်ကျလုပ်တယ်၊ သူတို့ဆီမှာ ပဲအရမ်းအထွက်များသွားရင် မဝယ်တော့ဘူး ဘန်းထားရော၊မြန်မာပြည်က ပဲကို မဝယ်သေးဘူးလုပ်တော့ ဒီကဒုက္ခရောက်ရော၊တစ်ယောက်တစ်လှည့်ပေါ့ သူ့က တစ်ခါ ကိုယ်က ၃ ခါပေါ့။အရမ်းလျှော့ရှိတယ် ၊သူ့ဆီကအထွက်ကောင်းရင် ဒီဘက်ကိုပိတ်ထားတယ်”လို့ ကုန်သည်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ အိန္ဒိယအစိုးရက မြန်မာ မတ်ပဲ နဲ့ ပဲစဥ်းငုံကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုတဲ့ကာလကို လာမယ့် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံကနေ ပဲတင်သွင်းခွင့်ကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးထားတယ်လို့သိရပါတယ်။
မြန်မာကထွက်ရှိတဲ့ မတ်ပဲ နဲ့ ပဲစဥ်းငုံကို အိန္ဒိယနိုင်ငံကိုသာ အဓိက တင်ပို့နေရတာဖြစ်လို့ စျေးကွက်ပြောင်းလဲမှုဖြစ်ရင် တောင်သူတွေအထိနာတာတွေဖြစ်ရတယ်လို့သိရပါတယ်။
အခုနှစ်မြန်မာနိုင်ငံမှာလည်း မတ်ပဲစိုက်ဧကတွေလျော့ကျတာ၊ စိုက်ခင်းတွေပိုးကျလို့ မတ်ပဲအထွက်နူန်းပိုင်း သိသိသာသာ လျော့ကျခဲ့တာကြောင့် တောင်သူတွေလည်းဘအကျိုးအမြတ်ရရှိမှုနည်းသလို အရှုံးနဲ့ရင်ဆိုင်ခဲ့ရသူတွေလည်းရှိခဲ့ပါတယ်။
#VOM #voiceofmyanmar #မြန်မာမတ်ပဲ #အိန္ဒိယစျေးကွက် #အတတ်ဘက်သာဦးတည်နေ