ကျပ်ငွေနှစ်သောင်းတန် ထုတ်မယ်လို့ ကြေညာပြီးနောက် ထိုင်း-မြန်မာ ငွေလဲလုပ်ငန်းတွေ ယာယီပိတ်

ဇူလိုင် ၂၃ – ၂၀၂၃
SN (VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ်ငွေ နှစ်သောင်းတန် ထုတ်ဝေမယ်လို့ ကြေညာပြီးနောက်ပိုင်း မြဝတီက ထိုင်း-မြန်မာ ငွေလဲလုပ်ငန်းတွေ ယာယီ ပိတ်သိမ်းထားတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကျပ် နှစ်သောင်းတန် ငွေစက္ကူ အမျိုးအစားသစ်ကို အကန့်အသတ်နဲ့ စတင် ထုတ်ဝေသွားမယ်လို့ ကြေညာလိုက်ပြီးနောက် ဒီနေ့မှာ ထိုင်း-မြန်မာနယ်စပ်၊မြဝတီမြို့က ထိုင်း-မြန်မာ ငွေလဲလှယ်ခြင်း လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားကြတာဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိမှာ မြန်မာကျပ်နဲ့ ဘတ်အရောင်းအဝယ် စျေးကွက်လေး မငြိမ်နေတာမို့ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိ‌ရအောင် ကျပ်ပေး၊ ဘတ်ယူ ဝန်ဆောင်မှုလေးကို လတ်တလောရပ်နားထားပါတယ်။ အမြန်ဆုံး ပြန်လည် ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ငွေလဲနှုန်းမှာ မြန်မာကျပ်ငွေက မတည်ငြိမ်ဘဲ ထိုးကျနေတာကြောင့် အဆင်မပြေ‌မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ဘဏ်နှစ်ဘဏ် အရေးယူပြီးနောက်ပိုင်းကတည်းက ကျပ်ငွေ စျေးက ထိုးကျနေတယ်။ ဘတ်ငွေက တက်နေတယ်။ ဈေးကမငြိမ်ဘူးပေါ့။ အခု ဒီကနေ့မှာလည်း ကျပ်နှစ်သောင်းတန် ထပ်ထုတ်မယ့် သတင်းကြောင့် အခြေအနေတွေက ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်။ ဈေးကွက်က လုံးဝ မငြိမ်ဘူး။ အဲ့တော့ ခဏ အရောင်းအဝယ် ရပ်ထားတဲ့ သဘောပါ” လို့ နောက်ထပ် ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၃ ရက် ထိုင်း-မြန်မာငွေလဲနှုန်းမှာ မြန်မာငွေတစ်သိန်းကို ဘတ်ငွေ ၁၁၂၀ ဘတ်ဖြစ်ပြီး မနေ့ ဇူလိုင် ၂၂ ရက်နေ့ ပေါက်ဈေးမှာတော့ ၁၁၂၅ ဘတ် ဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ကျပ်ငွေနှစ်သောင်းတန် #ထိုင်းမြန်မာငွေလဲ #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW