ဇူလိုင် ၂၆ – ၂၀၂၃
GG (VOM)
ပဲခူးတိုင်း၊ ဖြူးမြို့နယ်က အင်ပင်သာရွာမှာ ဗုံးပေါက်ကွဲလို့ ကျေးရွာက ကျောင်းနေအရွယ် ကလေးငယ် ၄ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇူလိုင် ၂၅ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်မှာ အင်ပင်သာရွာက စာကြည့်တိုက်အနီး ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်ကနေ ၁၀ နှစ်အရွယ် ယောကျ်ားလေး ၄ ယောက် သေဆုံးခဲ့ရပြီး ၊ နောက်ထပ် ကလေးငယ်တစ်ယောက်နဲ့ အသက်ကြီးပိုင်းလူကြီး တစ်ယောက်ပါ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” မနေ့ကညနေ ၄ နာရီ ၁၅ လောက်မှာ ဗုံးပေါက်တာ၊ ပေါက်တော့ ကားဘီးပေါက်တယ်ထင်ကြတာ ၊ မသိကြဘူးလေ။ပြီးမှ ကလေးတွေ ပြတ်ထွက်တာ၊အပိုင်းအစတွေ တွေ့မှ ဗုံးပေါက်မှန်းသိကြတာ။ကလေးတွေကျောင်းဆင်းပြီး ကစားကြချိန်ဖြစ်တာထင်ပါတယ်။၂ယောက်က နေရာမှာပဲ သေတယ်။ဒဏ်ရာရသူတွေကို ဆေးရုံပို့ကြတယ်။ဆေးရုံကြတော့ နောက် ၂ ယောက်ထပ်သေတယ်။ပြန်သယ်လာရတယ်။ အခု နောက်ထပ် ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ကတော့ ဆေးကုနေတယ်။ အားလုံး ၆ ယောက်မှာ ၄ ယောက်ပျက်စီးတာပေါ့ “လို့ အင်ပင်သာရွာ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာ ကလေးငယ်နဲ့ သက်ကြီးပိုင်းအမျိုးသားကို ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး အခြေအနေကတော့ မသိရသေးဘူးလို့ သိရပါတယ်။
” အခုလို ဗုံးပေါက်ပြီး ကလေးတွေသေပေမယ့် ရွာကို လာစစ်ဆေးတာ မေးမြန်းတာတော့ အခုထိ မရှိသေးဘူး ။ သူတို့လည်း မလာရဲတာနေမှာပေါ့။ ကျနော်တို့ရွာက အေးချမ်းတဲ့ရွာပါ။ အခုလို မဖြစ်ဖူးဘူး။အခုတော့ ရွာကကြောက်နေကြပြီ။ကလေးတွေက ကြားထဲကအသက်ဆုံးရတယ် “လို့ အင်ပင်သာရွာ ဒေသခံတဦးကပြောပါတယ်။
ဗုံးထိမှန်သေဆုံးခဲ့ရတဲ့ ကလေးငယ် ၄ ယောက်ဟာ မိသားစု ၄ ခုက ကလေးငယ်တွေဖြစ်ပြီး လက်ရှိမှာ ရပ်ရွာဒေသခံတွေက နာရေးကိစ္စကို စီစဥ်ပေးထားကာ ရွာဓလေ့အရ ၃ ရက်ထားပြီး မှ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
အင်ပင်သာရွာဟာ ဖြူးမြို့နယ်နဲ့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ရွာဖြစ်တယ်လို့သိရတယ်။
#voiceofmyanmar #VOM #ဖြူး #ပေါက်ကွဲမှု #ကလေး၄ဦးသေဆုံး