စစ်ကိုင်းတိုင်းမှာ အမျိုးသားနှစ်ယောက်စီးတဲ့ ဆိုင်ကယ်တွေ ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံးသူ ၃၀ နီးပါးရှိ

သြဂုတ် ၁၁-၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေမှာ အမျိုးသား နှစ်ယောက် ဆိုင်ကယ်တစီးတည်း စီးတဲ့အခါ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေရှိတာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့ ဩဂုတ် ၁၀ရက် မနက် ၁၁ နာရီဝန်းကျင်က ၊ ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက်ထဲမှာ စစ်ဆေးရေးလုပ်နေတဲ့အဖွဲ့က နှစ်ယောက်ပိုးစီးလာတဲ့ ဆိုင်ကယ်တစီးကို သေနတ်နဲ့ ပစ်ဖမ်းတယ် ၊ အဲ့ဒီဖြစ်စဥ်မှာ ဆိုင်ကယ်သမားထဲက တယောက်ဟာ ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ် ၊ သေဆုံးသူက အသက် ၂၀ ဝန်းကျင် ပန်းရံလုပ်သားလို့ သိရတယ် ၊ သူတို့ဆိုင်ကယ်က ပြန်ကွေ့အလာ ပစ်ခံရတာ”လို့ ကလေးမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီလို ဆိုင်ကယ်စီးလာတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးတဲ့ ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အမျိုးသား ၂ ယောက်ပိုး ဆိုင်ကယ် တစီးတည်း မစီးကြဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်သတိပေးထားတယ် ၊ လုံခြုံရေးအရ စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အခါ ရပ်တန့်ပေးဖို့ အသိပေးထုတ်ပြန်ထားတယ် ၊ များသောအားဖြင့် ၂ ယောက်ပိုး ဆိုင်ကယ်တွေ ပစ်ဖမ်း ဖမ်းတဲ့အခါ ဖမ်းသူတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ဩဂုတ်လ ၁၀ရက်အထိ ၂ နစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းထဲမှာ ဆိုင်ကယ် ၂ ယောက်ပိုးစီးလို့ ပစ်ခတ်ဖမ်းဆီးမှု ဖြစ်စဥ်ပေါင်း အကြိမ် ၅၀ ထက်မနည်းရှိခဲ့ပြီး သေဆုံးသူ ၃၀ နီးပါးရှိကာ ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီလို ပစ်ခတ်ဖမ်းဆီးခံရတဲ့နေရာတွေကတော့ ရွှေဘိုမြို့ပေါ်မှာ ၄ ဦး ၊ကောလင်းမှာ ၂ ဦး ၊ ချောင်းဦးနယ်မှာ ၃ ဦး ၊ မုံရွာမှာ ၇ ဦး ၊ ကလေးနယ်မှာ ၃ ဦး ၊ ရေဦးနယ်မှာ ၂ ဦး ၊တန့်ဆည်နယ်မှာ ၂ ဦး ၊ မြင်းမူနယ်မှာ ၁ ဦး လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW