တမူး နယ်စပ်ကုန်သွယ်ရေး နာလန်မထူနိုင်သေး

သြဂုတ် ၁၂ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခမ်းပတ်(မြို့နယ်ခွဲ)မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တမူး – ကလေး – မုံရွာ ကားတွေ အသွားအလာ မရှိသေးတာကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ အခုထိ ပြန်လည် နာလန်မထူနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်ကြီးအဖွဲ့ ဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ မေလကစလို့ အိန္ဒိယနယ်စပ်ဘက်က လူမျိုးရေး ပဋိပက္ခတွေဖြစ်တယ် ၊ အဲ့ဒီ လူမျိုးရေးလှိုင်းက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရပ်တန့်စေခဲ့တယ် ၊ နောက်ပြီး လုပ်ငန်းတွေ ပြန်စဖို့ နှစ်ဘက်သဘောတူတဲ့အခါ တမူးနယ်ဘက်က လစဥ်လိုလို တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နာလန်မထူ ဖြစ်ရတာ”လို့ မိုးရေးမြို့ခံကုန်သည် ဦးဂျမားက VOM ကို ပြောပါတယ်။

မန္တလေး – မုံရွာ – တမူး နယ်စပ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ” တမူးလမ်းပေါ်က ခမ်းပတ်် ၊ ကမ္မကြီး ၊ ထင်းဇင် ၊ ဘုက္တန် ၊ ဝိဒုတ် ၊ ပန်းသာ စတဲ့ရွာတွေနားမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီကြားမှာ ကားတွေ သွားလာပြေးဆွဲခွင့် အခုထိ မပြုသေးဘူး ၊ ခွင့်ပြုလို့ ကားတွေ ပြေးဆွဲမယ်ဆိုရင်လည်း နားစွန့်ပြီး သွားလာရတာမို့ ကားတွေနားတယ် ” လို့ ပြောပါတယ်။

မုံရွာမြို့ခံ မိုးရေးကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်လည်း ” အိန္ဒိယ (မိုးရေး) ကုန်တွေက အဝင်နည်းတယ် ၊ တဆွဲတပိုးပဲဝင်တယ် ၊ ဟိုအရင်ကလို ကားစင်းလုံးထိုး ဝင်ရောက်တာမျိုးမရှိဘူး ၊ နယ်စပ်ကုန်သွယ်ရေးက အလုပ်မဖြစ်တော့ ကုန်စည်ပြတ်တာတွေရှိတယ် ၊ ဘတ်တာစျေး (မြန်မာ-အိန္ဒိယ ငွေလဲစျေး)က မငြိမ်တော့ ကုန်သည်အများစု လုပ်ငန်းတွေ နားထားရတယ် “လို့ ပြောပါတယ်။

ကလေးမြို့ခံ နယ်စပ်စီးပွားရေး ကုန်သည် တယောက်က ” မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက နှစ်ခုရှိတယ် ၊ ကလေး – တမူးလမ်းနဲ့ ကလေး – အိုက်ဇော (ဟိုင်မွှာလ်) ချင်းတောင် လမ်းပိုင်းဖြစ်တယ် ၊ အဲ့ဒီ နယ်စပ်လမ်း နှစ်ခုစလုံး အလုပ်မဖြစ်ဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော် တင်သွင်းလေ့ရှိတဲ့ ကွမ်းယာပစ္စည်းမျိုးစုံ ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ ၊ အိမ်သုံးပစ္စည်းတွေ ၊ ချည်ထည် ပစ္စည်းမျိုးစုံ စတဲ့ ကုန်ပစ္စည်းတွေဟာ နယ်စပ်တင်သွင်းမှု မရှိသလောက် ဖြစ်နေတာမို့ မုံရွာ-မန္တလေးဘက်တွေမှာ အဲ့ဒီ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ စျေးကွက် သတင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #နယ်စပ်ကုန်သွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW