ဖားကန့်မှာ မြေပြိုကျလို့ အလုပ်သမား ၃၀ နီးပါးပျောက်ဆုံးနေ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ မနကျေးရွာနားက ကျောက်စိမ်းလုပ်ကွက်တခုမှာ မနေ့ သြဂုတ် ၁၃ ရက် ညနေပိုင်းက မြေပြိုကျပြီး ရေလှိုင်းလုံးတွေ တက်လာတဲ့အတွက် ရေစီးနဲ့အတူ ကျောက်စိမ်းတူးဖော်ရှာဖွေနေသူ အလုပ်သမား ၂၀ ကျော် ၊ ၃၀ နီးပါးပျောက်ဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက ညနေ ၃ နာရီဝန်းကျင်ဖြစ်တာ ၊ မနမှော်ဘက်က ကျောက်စိမ်းတောင် မြေပြိုကျတာပါ ၊ မြေပြိုကျတဲ့ အချိန် ၊ မြေပြိုတဲ့ တောင်ကမိးပါးမှာ ရေမဆေးကျောက်ရှာနေတဲ့ လူတွေရှိနေတယ် ၊ ပြိုကျတဲ့ မြေက အင်းထဲရောက်တဲ့အခါ အင်းထဲက ရေတွေက လှိုင်းလုံးဖြစ်သွားပြီး အပေါ်ကို လျှံတက်လာတယ် ၊ အဲ့ဒီအခါ ကျောက်တူးနေတဲ့ အလုပ်သမားတွေက လှိုင်းနဲ့အတူ ဆွဲပါပြီး ပျောက်သွားတယ် “လို့ ဖားကန့်ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရှရော်ခ လူမှုကူညီရေး အဖွဲ့ဝင် တယောက်က ” မနေ့က ညနေပိုင်းအထိ ပျောက်ဆုံးသူ ၂၃ ယောက် ရှိတယ် ၊ ဒဏ်ရာရသူ ၆ ယောက် ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးထားတယ် ၊ ပျောက်ဆုံးလူစာရင်းက မငြိမ်သေးဘူး၊ နောက်ထပ် တိုးလာနေတယ် ” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ် လူမှုကူညီ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ဝင် တယောက်ကလည်း ” အလတ်တလော ရာသီဥတုကြောင့် ရေထဲဆင်းပြီးရှာဖွေနိုင်တဲ့ အခြေအနေ မရသေးဘူး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပါပြီ ၊ ပျောက်ဆုံးလူ ၃၀ နီးပါးရှိတယ် ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ.အခုလို ကျောက်တွင်းမြေပြိုဖြစ်တာဟာ နှစ်တိုင်းလိုလို အနည်းနဲ့ အများဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ၂ဝ၂၀ က ဝှေခါကျော်စိမ်းမှော်မှာ လုပ်ကွက်မြေပြိုကျလို့ လုပ်သား ၁၇၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဖားကန့်​မြေပြို

ဓာတ်ပုံ အောင်ဇော်မိုး (ဖားကန့်)

Related posts

Leave a Comment

VOM News

FREE
VIEW