ဩဂုတ် ၂၄ – ၂၀၂၃
GG(VOM)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅)က နွားဝယ်ရောင်းလုပ်ကိုင်သူ ဦးမိုးကျော်ထွန်း ဆိုသူရဲ့ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေသားအပါအဝင် သိန်း၅၀၀၀ ကျော်ဖိုး ပါသွားတယ်လို့ သိရပါတယ် ။
ဖြစ်စဥ်မှာ မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ လက်နက်တွေပါတဲ့ အမည်မသိ အမျိုးသား ၆ ယောက်က နေအိမ်အတွင်းဝင်ကာ အိမ်ထဲရှိနေသူတွေကို ကြိုးတုပ်ပြီး ရွှေထည်ပစ္စည်း ၊ ငွေသား တွေကို ယူသွားတာ လို့သိရပါတယ်။
” အတွင်းသိသူထဲကဖြစ်ဖို့များတယ်။ လူ ၆ ယောက်ကို ဆိုင်ကယ် ၂ စီးနဲ့လာတယ်။မျက်နာတွေအုပ်ထားတယ်။ အခုဓားပြတိုက်ခံရတဲ့သူက နွားကုန်သည် နွားပွဲစားပေါ့။ သူကတရုတ်ကိုပို့နေတာ ။အမဲခုံလည်းလုပ်တယ်။ ဓားပြတိုက်တဲ့သူတွေတော့ခုထိ မမိသေးဘူး။ ” လို့ ရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။
ဓားပြအတိုက် ခံရမှုကြောင့် နေအိမ်မှာ သိမ်းထားတဲ့ မြန်မာငွေ သိန်း ၁၀၀၀ ကျော် ၊ တရုတ်ငွေ ယွမ် ၈၀၀၀၀ ဝန်းကျင်၊ ရွှေ တပိဿာ ၊ ဆိုင်ကယ် တစီး၊ ဖုန်းအချို့လည်း ပါသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ် ။
ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းမှုလုပ်ပြီး ကျူးလွန်သူတွေကို လိုက်လံရှာဖွေခဲ့ပေမယ့် ခုထိတော့ မမိသေးဘူးလို့ သိရပါတယ် ။
#voiceofmyanmar #VOM #ဝိုင်းမော်