သြဂုတ် ၊ ၂၉ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နဲ့ မော်လိုက်ခရိုင် ၊ မော်လိုက်မြို့တို့ကို ဆက်သွယ်ထားတဲ့ မော်လိုက် – ကလေးဝ ကားလမ်းပေါ်ရှိ အဓိက တံတား ၂ စင်းဟာ မနေ့ သြဂုတ် ၂၈ ရက် ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ဒီမနက်ပိုင်းကစပြီး ယာဥ်အသွားအလာ ပြုလုပ်လို့မရတော့ဘူးလို့ ဒေသခံ ကားသမားတွေဆီက သိရပါတယ်။
” ပလူဇဝ ရွာ နဲ့ နန်းဇလိန်ရွာနားက လိပ်ပုတ်ချောင်း တံတားနဲ့ မာန်ဖာလေး ရွာနားက မာန်ဖာလေး တံတားတွေ မိုင်းခွဲဖျက်စီးခံရတာ ဖြစ်တယ် ၊ မော်လိုက်- ကလေးဝ လမ်းပိုင်းက တောင်ပေါ် သျှိုမြောင်တွေများတော့ ကွင်းလမ်း ဆိုတာ မရှိဘူး ၊ တဖက်က ချင်းတွင်းမြစ်ဆိုတော့ ကွင်းလမ်းရှားတယ် “လို့ ကားသမားတယောက်က ပြောပါတယ်။
အဲ့ဒီလို တံတားတွေ မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မော်လိုက်မြို့ခံ ကုန်သည်တယောက်က ” မဟာမြိုင်လမ်းနဲ့ ရေလမ်းကြောင်း ပိတ်လို့ ကုန်စည်တွေ ပြတ်လပ်နေတာကြာပြီ၊ လမ်းပိုင်းတွေ ပြန်ပွင့်လို့ ရက်ပိုင်းပဲရှိသေးတယ် ၊ အခုလို တံတားတွေ မိုင်းထပ်ပြီးခွဲခံရတယ် ၊ မဟာမြိုင်လမ်းမှာ ပိတ်မိနေတဲ့ကားတွေက တချို့ဆို မော်လိုက်မြို့ပေါ် မရောက်ကြသေးဘူး “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကစလို့ မုံရွာ ၊ ကလေးဝ ၊ ကလေးမြို့ ၊ တမူး ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့မြို့တွေဆီသွားတဲ့ မဟာမြိုင်ကားလမ်းနဲ့ ချင်းတွင်းမြစ် ရေကြောင်းလမ်းတွေဟာ ထိတွေ့တိုက်ပွဲတွေကြောင့် ပိတ်ထားခဲ့ရပြီး အခုလ ၂၇ ရက်က ပြန်လည်ဖွင့်ပေးခဲ့တာလို့ သိရပါတယ်။
#voiceofmtanmar #VOM #မော်လိုက်