နွားထိုးကြီးမြို့နယ်မှာ ၃ လောင်းပြိုင် လူသတ်မှုဖြစ်

စက်တင်ဘာ ၊ ၃ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်၊ သင်းတယာကျေးရွာအုပ်စု၊ ထန်းတောမကျေးရွာမှာ ဒီမနက် အစောပိုင်းက အသတ်ခံထားရတဲ့ လူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရတယ်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အသတ်ခံရသူတွေက ထန်းတောမရွာခံတွေဖြစ်တဲ့ ဦးနန်းအောင် ၄၇ နှစ် ၊ ဦးနန်းတင် ၄၅ နှစ် ၊ သူတို့ နှစ်ယောက်က ညီအစ်ကို အရင်းတွေဖြစ်တယ် ၊ နောက်တယောက်က ဦးဘိုတင် ၇၀ နှစ်ဖြစ်တယ် ၊ ရွာရဲ့တောင်ဘက် ဘုန်းကြီးကျောင်း လမ်းဆုံနေရာမှာ အသတ်ခံကြရတာ ” လို့ ထန်းတောမရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်မှာ ထန်းတောမရွာထဲကို ဆိုင်ကယ် ၂ စီး နဲ့ လူ ၄ ယောက် ရောက်လာတယ် ၊ အဲ့ဒီလူ ၄ ယောက်က ရွာခံတွေဖြစ်တဲ့ ဦးဘိုတင် ၊ ဦးနန်းအောင်နဲ့ ဦးနန်းတင် တို့ ၃ ယောက်ကို ရွာရဲ့တောင်ဘက်ကို နေအိမ်ကနေ ဖမ်းခေါ်သွားတယ် ၊ ဒီမနက် သူတို့အလောင်းတွေ့ရတယ်လို့ သတင်းကြားရတယ် ၊ သူတို့က နိုင်ငံရေး အရောင်အသွေးရှိတယ် ၊ ပြည်ခိုင်ဖြိုး ဝန်းရံသူတွေလို့ သိရတယ် ၊ အမှုဖွင့် စစ်နေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေရာကို မြို့နယ် သက်ဆိုင်ရာ အဖွဲ့က လာရောက်စစ်ဆေးတဲ့အခါ အဲ့ဒီနေရာက အသုံးပြုပြီးဖြစ်တဲ့ ၇ ဒသမ.၆၂ × ၃၉ AK ကျည်ဆံခွံ ၈ တောင့် တွေ့ရတဲ့အတွက် အမှုနဲ့ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်ကလည်းမန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ကြောင်နံကျေးရွာမှာ လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးတဲ့ ရဲတွေ မိုင်းစထိမှန်လို့ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်

#voiceofmyanmar #VOM #နွားထိုးကြီး

Related posts

Leave a Comment

VOM News

FREE
VIEW