စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း လူ ၈ ဦး ပစ်သတ်ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ညောင်ရင်းကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်က ပစ်ခတ်ဖမ်းဆီးခံရလို့ လူငယ် ၄ ဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက ရွာအပြင်ဘက် တောထဲမှာဖြစ်တာပါ ၊ ပစ်ခတ်သံတွေကြားရပြီး လူငယ် ၄ ယောက် သေတယ် ၊ ဘယ်သူတွေဖြစ်တယ်ဆိုတာ စုံစမ်းနေတုန်း “လို့ ညောင်ရင်းရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညောင်ရင်းရွာဘက် နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ ရန်သူ့ဘက်က အလောင်း ၄ လောင်း ၊ လက်လုပ်သေနတ် ၁ လက် ၊ ၁၂ ဗို့ကျည် ၇ တောင့် ၊ ပြောက်ကျားယူနီဖောင်း ၅၀ စုံ ၊ ဟန်းကော အလုံး ၄၀ သိမ်းဆီးရမိတယ် “လို့ပြောပါတယ်။

ဒါ့အပြင် မနေ့က (စက်တင်ဘာ ၁၄) တစ်ရက်တည်းမှာ စစ်ကိုင်းမြို့နယ် ၊ တံတားဦးကျေးရွာနားမှာ လူငယ် ၃ ဦး ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာနားမှာ ၁ ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး မနေ့က စစ်ကိုင်းတိုင်းအတွင်းမှာ လူငယ် ၈ ဦး ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW