စက်တင်ဘာ ၁၅၊ ၂၀၂၃
Shy V + SP (VOM)
တရုတ်နယ်စပ်ဘက်မှာ မြန်မာနိုင်ငံသား အများအပြား ဒီရက်ပိုင်းအတွင်း အလုပ်လုပ်ဖို့ ထွက်ခွာလာနေကြတယ်လို့ ခရီးသည်ယာဉ်မောင်းတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ကို သွားတဲ့ လူငယ်တွေ အများအပြားရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။
“စစ်ကိုင်းတိုင်းမှာက ယင်းမာပင် ၊ ပုလဲ ၊ ဆားလင်းကြီး ၊ ကနီ ၊ အရာတော် ၊ ဒီပဲယင်း ၊ တန့်ဆည် ၊ ခင်ဦး ၊ ရေဦး ၊ ဘုတလင် ၊ ကန့်ဘလူ စတဲ့ မြို့နယ်က လူငယ်တွေ တရုတ်ဘက်ကို အသွားများတယ် ၊ အဖွဲ့လိုက် အုပ်စုဖွဲ့ပြီးသွားကြတယ် ၊ တချို့လည်း ကားအော်ဒါခေါ်ပြီး သွားကြတယ် ၊ ရွာကနေ မူဆယ်ကို တာရိုက်ပေါ့ ၊ တနေ့ တနေ့ကို စစ်ကိုင်းတိုင်းထဲက လူငယ် သုံးလေးရာ အနည်းဆုံးသွားတယ်”လို့ မုံရွာ-မူဆယ် ကားသမား တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းက ဖရဲသခွားစိုက် တောင်သူ လုပ်ငန်းရှင်းတယောက်ကလည်း “ဒီရက်ပိုင်း တရုတ်ဘက်ကို လူငယ်တွေသွားကြတယ် ၊ ရွာတွေမှာ တောင်သူလုပ်ငန်းခွင်တွေမှာ လူမရှိတော့ဘူး ၊ နယ်မြေ တည်ငြိမ်မှု မရှိတာကြောင့် တရုတ်ဘက်ကို လူငယ်တွေ အလုပ်သွားလုပ်ကြတာဖြစ်တယ်” လို့ ပြောပါတယ်။
ယခုနှစ်ထဲမှာ မကွေးနဲ့ မူဆယ်ကားလိုင်း ၁ လိုင်းထပ်တိုးလာရှိပြီး လတ်တလော မကွေးကနေ မူဆယ်ဘက် တက်တဲ့ ကားတွေမှာလည်း အရင်ကထက် ခရီးသည် များနေတယ်လို့ မကွေးနဲ့ မူဆယ် ကားမောင်းနေသူ ၁ ဦးက ပြောပါတယ်။
“လောလောဆယ် များတယ်။ များတယ်ဆိုတာ တရုတ်ပြည် ဖွင့်ထားလို့လေ။ စွယ်တော်ဦးရှိမယ်၊ နယူးအောင်လံ ရှိမယ်၊ မင်းထက်ပိုင် ရှိမယ်။ ဒီနှစ် တလိုင်း တိုးလာတာ ဟုတ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ နယ်ဘက်က တက်လာပြီး တရုတ်နယ်စပ်ဘက် ဝင်မယ့်သူတွေ တခါသုံးကဒ် TBP ရဖို့ ရက်ရှည်စောင့်ဆိုင်းရတာကြောင့် စရိတ်ပြတ်တဲ့ အခက်အခဲ ဖြစ်နေကြတာတွေ့ရပါတယ်။
မူဆယ်မြို့ပေါ်မှာတော့ တည်ခိုခန်းတွေပြည့်နေတာဖြစ်ပြီး အများစုက ဟိုတည်မှာ တည်းဖို့ မတတ်နိုင်တာကြောင့် ဂိုဒေါင်တွေမှာ တည ၅၀၀၀ ကျပ်နဲ့ အိပ်တဲ့ သူတွေ ရှိသလို နယ်စပ် ဂိတ်ပေါက်ဝအနီး လမ်းဘေးမှာ အိပ်ကြတဲ့ သူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။
“မန္တလေးဘက်က တက်လာတာပါ။ ၂ ညအိပ် ၃ ရက် ရှိပြီ။ မိုးကရွာ ရေလည်း တက်လာ လူက ကြပ် မနေနိုင်တော့လို့ ကဒ်ထုတ်ပေးတဲ့နားရောက်ပြီး ပြန်ထွက်လာတာ။ အစကနေ ပြန်တန်းရတော့မယ်” လို့ ဆင်ဖြူဂိတ်မှာ ရောက်နေတဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
နေရာပျောက်မှာ စိုးလို့ ပြန်ဆိုလည်း မပြန်ကြဘူးလို့ တရုတ်ဘက် ဝင်မယ့်သူတွေကို တည်းစရာပေးထားတဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
တရုတ် – မြန်မာ နယ်စပ် နှစ်နိုင်ငံဝင်ထွက်ဂိတ်မှာတော့ တဂိတ်မှာ တရက်ကို တခါသုံးကဒ်နဲ့ ပျမ်းမျှ လူဦးရေ ၂၅၀ နဲ့ ၃၀၀ ကြားသာ ပြုလုပ်နိုင်တာ ဖြစ်ပေမယ့် တခါသုံးကဒ်ရဖို့ စောင့်ဆိုင်းနေတဲ့ လူတွေက နေ့စဉ် ထောင်ချီ ရှိနေတာကို တွေ့ရပါတယ်။
တရုတ်ဘက်ထဲမှာ ကိုယ်ရေးအချက်အလက်တွေ ကိုယ်တိုင်ဖြည့်စွက်ရတာဖြစ်ပြီး ဖုန်းနဲ့ QR Code ရိုက်ပြရတာကြောင့် ဖုန်း မပါရင် အဆင်မပြေတဲ့အပြင် တရုတ်စာနဲ့ ရေးထားတာကြောင့် ပထမဆုံး ဝင်လာတဲ့သူတွေ အခက်အခဲ ဖြစ်ကာ ပုံမှန်ထက် ကြာတာမျိုးရှိတာကိုလည်း တွေ့ရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၀ မတ်လကုန်ကတည်းက မူဆယ်ရှိ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေကနေ လူ အဝင်အထွက် ပိတ်ခဲ့ပြီး ဒီနှစ်ဆန်းပိုင်းက မူဆယ်ခရိုင် ဒေသခံတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ ဝင်ထွက်ခွင့် ပြုခဲ့ကာ အခုလ စက်တင်ဘာ ၄ ရက်နေ့ကစ မည်သူမဆိုကို တရုတ်နယ်စပ်ဘက် ၆ ည အိပ် ၇ ရက်လည်ပတ်ခွင့် တခါသုံးကဒ်နဲ့ ဝင်ထွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #တရုတ်မြန်မာနယ်စပ် #မြန်မာနိုင်ငံသား #အလုပ်လုပ်ဖို့ထွက်ခွာနေ