ကမ္ဘာ့သကြားဈေး မြင့်တက်လာတာကြောင့် မြန်မာ့သကြားဝယ်ယူဖို့ အာဆီယံနိုင်ငံတချို့ ကမ်းလှမ်းလာ

စက်တင်ဘာ ၁၇ – ၂၀၂၃
SN (VOM)

ကမ္ဘာ့သကြားဈေး ၁ တန်ကို အမေရိကန်ဒေါ်လာ ၇၀၀ ကျော် ဈေးမြင့်တက်လာလို့ မြန်မာ့သကြားဝယ်ယူဖို့ အာဆီယံနိုင်ငံ တချို့က ကမ်းလှမ်းမှုတွေ ပြုလုပ်လာတယ်လို့ သကြားကုန်သည်တွေဆီက သိရပါတယ်။

သကြား ကမ္ဘာ့ပေါက်ဈေးဟာ အရင်က ၁ တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ အထိသာ ရှိခဲ့ရာက လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ ၇၄၀ ဒသမ ၂၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာနေတာကြောင့် မြန်မာပြည်ကထွက်တဲ့ သကြားကို အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် စတဲ့ နိုင်ငံတွေက ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိနေလို့ သိရပါတယ်။

“လက်ရှိမှာ နိုင်ငံတကာဈေးကလည်း မြင့်နေတယ်။ ၆၅၀ နဲ့ ၇၀၀ ကျော်ကြားမှာပဲ ပြေးနေတယ်။ ဗီယက်နမ်ကလည်း ပြည်တွင်းသကြားလိုအပ်ချက် ရှိနေတဲ့အတွက် ကျွန်တော်တို့ဆီကသကြားကို ဝယ်ယူဖို့ ရှိနေတယ်။ ဒီ့အတွက် ကမ်းလှမ်းမှုကို မြန်မာ့သကြားနဲ့ ကြံဆက်စပ်ထုတ်ကုန်များအသင်း (MSCA) ကလည်း လက်ခံလိုက်ပြီလို့လည်း သိရတယ်။ အဲ့ဒီ့လိုပဲ ဘင်္ဂလားဒေ့ရှ်ကလည်း ပြည်တွင်းဝယ်လိုအား ဖြည့်တင်းနိုင်ဖို့အတွက် သကြားဝယ်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဘင်္ဂလားဒေ့ရှ်မစ်ရှင်နဲ့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ထားသေးတယ်။ တခြား ဆွေးနွေးနေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ပို့ဖို့ကတော့ အခုတော့ မဟုတ်သေးဘူးပေါ့။ လာမယ့် ကြံကြိတ်ရာသီရောက်မှပဲ ဖြစ်လာမှာ။ အခုလက်ရှိကတော့ သကြားပို့မယ့်ကုမ္ပဏီလည်း မရှိသေးပါဘူး” လို့ သကြားကုန်သည်တဦးက ပြောပါတယ်။

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံက နှစ်စဥ် ဝယ်ယူနေသလို ဒီနှစ်မှာလည်း သကြားတင်ပို့မှုက တန်ချိန် ၉၀၀၀၀ လောက် တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ပြည်တွင်း ကြံစိုက်ဧကအနေနဲ့ ၄ သိန်းခန့် ရှိသလို ကြံဈေးကလည်း မနှစ်က ၁ တန်ကို ကျပ် ၁ သိန်းလောက် ဈေးရခဲ့ပြီး လာမယ့် ကြံရာသီမှာလည်း ဈေးကျဖို့ မရှိဘူးလို့ ကြံသကြားအသင်းက ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စျေးကွက်လေ့လာသူတွေကတော့ မြန်မာ့သကြားကို ပြည်ပနိုင်ငံတွေက ဝယ်ယူဖို့ ကမ်းလှမ်းမှုများတာကြောင့် ကြံကြိတ်ရာသီရောက်ရင် သကြားစျေးမြင့်နေသလို ကြံစျေးလည်း မြင့်တက်ဖို့ လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုထားပါတယ်။

“အခုက ဝယ်ယူနေကျဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကလည်း မူလဝယ်ယူတဲ့သကြားတန်ချိန်ထက် ပိုပြီး ဝယ်ယူဖို့ ကမ်းလှမ်းတာရှိတယ်။ တခြားနိုင်ငံတွေကလည်း ကမ်းလှမ်းတာရှိနေတယ် ဆိုတော့ ပြည်ပကိုပို့ရင် ပြည်တွင်းမှာ သကြားလိုအပ်ချက်ဖြစ်သလို ဈေးလည်း တက်သွားနိုင်တယ်။ ဒီအပေါ်မှာ ထိန်းပြီး တင်ပို့နိုင်ဖို့လည်းလိုတယ်။ အဲ့ဒါအပြင် ကြံဈေးကတော့ မနှစ်ကတည်းက ၁ တန်ကို ၉ သောင်းခွဲ၊ ၁ သိန်းဖြစ်ခဲ့တယ်၊ သကြားဈေးကလည်း ထပ်တက်ဖို့ အလားလာ ရှိနေတယ်ဆိုတော့ ဒီနှစ်မှာ မနှစ်ကထက် မနိမ့်တဲ့ ကြံဈေးကိုရမှ တောင်သူတွေ တွက်ခြေကိုက် အဆင်ပြေနိုင်မယ်” လို့ စျေးကွက်လေ့လာသူတဦးက ပြောပါတယ်။

ပြည်တွင်းဈေးကွက်အတွင်း လက်ရှိ လက်လီသကြားဈေးမှာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘ‌ဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂ ဆကျော်ခန့် မြင့်တက်နေပြီး ၁ ပိဿာ ကျပ် ၄၀ဝ၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ကော်ဖီမစ်၊ မုန့်၊ အချိုရည် စတဲ့ သကြားအခြေခံ စားသောက်ကုန် လုပ်ငန်းပေါင်း ၁၂၀၀ ကျော်ရှိပြီး အဲ့ဒီ့ လုပ်ငန်းတွေကနေ သကြားသုံးစွဲမှုက တန်ချိန် ၅ သိန်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁ နှစ်ကို သကြားတန်ချိန် ၅ သိန်းခန့် ထွက်ရှိပြီး လူတဦးချင်းနဲ့ မိသားစုလိုက် စားသုံးတဲ့ သကြားပမာဏ အနေနဲ့ကတော့ တန်ချိန် ၄ သိန်းဝန်းကျင်ရှိကာ ပိုလျှံသကြားကတော့ တန်ချိန် ၅ သောင်းမျှသာ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ သကြားတန်ချိန် ၅ သောင်းကျော်သာရှိပေမယ့် ကြံကြိတ်ရာသီ ဒီဇင်ဘာ မရောက်မီအထိ လုံလောက်မှုရှိတယ်လို့ ကြံသကြားအသင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်ထွက်ရှိတဲ့ သကြားကို ပြည်တွင်းဝယ်လိုအားအတွက် ဖြည့်တင်းပြီးမှသာ ပိုလျှံတဲ့ သကြားတွေကို ပြည်ပနိုင်ငံတွေဆီ တင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာတနိုင်ငံလုံးမှာ အကြီးစား ခေတ်မီသကြားစက်ရုံပေါင်း ၂၃ ရုံရှိပြီး အသေးစားနဲ့ အလတ်စား လေဟာနယ်စနစ်နဲ့ လည်ပတ်တဲ့ စက်ရုံကတော့ စုစုပေါင်း ၁၂၉ ရုံ ရှိကာ လာမယ့်ကြံရာသီမှာတော့ ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းအထက်ပိုင်းမှာ ခေတ်မီသကြားစက်ရုံ ၂ ရုံ ထပ်မံလည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo:Original Uploader
#voiceofmyanmar #vom #မြန်မာ့သကြား #အာဆီယံ #ကမ်းလှမ်း

Related posts

Leave a Comment

VOM News

FREE
VIEW