ဖေဖော်ဝါရီ ၇၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တလကျော်ကြာက ပစ်ခတ်ခံခဲ့ရတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဖြစ်သူရဲ့ ကျန်ရစ်သူ မိသားစုဝင် ၃ယောက်ဟာ ဒီကနေ့ အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်းနဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ရက်က နားကောင်းမူးကျေးရွာအုပ်စုဖက်ကို သွားလည်ရာကနေ အရပ်ဝတ် လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ရက်မှာတော့ ဦးငွေစိုးသန်းရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သေနတ်နဲ့ ပစ်ခတ်ပြီး လမ်းမှာ လာပစ်သွားတာ၊ သူ့မိန်းမနဲ့ ကလေး ၂ယောက်ကတော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သေသလား၊ ရှင်သလားလည်း မသိရဘူး။ နားကောင်းမူးကနေ အပြန်မှာ ဖမ်းသွားတာ။ အရပ်ဝတ်တွေနဲ့ ကားနဲ့ ဖမ်းခေါ်သွားတာ။ စစ်တပ်ကတော့ မဟုတ်ဘူး”လို့ နီးစပ်သူတယောက်က VOMကို ပြောပါတယ်။
ပစ်ခတ်ခံထားရတဲ့ ထွေအုပ်စာရေးရဲ့ ရုပ်အလောင်းပို မိုင်းကျွတ်မြို့ အသွား လမ်းတနေရာမှာ ပစ်ထားခံခဲ့ရတာဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေကိုတော့ ယနေ့ချိန်ထိ လိုက်လံရှာဖွေနေပေမယ့် သတင်းအစအန မရရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
မိုင်းဆတ်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စစ်တပ်နဲ့ ရဲသာမက ဒေသတွင်းတိုင်းရင်းသား လက်နက်ကိုင်အများအပြားရှိနေသလို အရပ်ဝတ်လက်နက်ကိုင်တွေကလည်း လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေက မကြာခဏကျူးလွန်လေ့ရှိပြီး မနေ့ ဖေဖော်ဝါရီလ ၆ရက်ကလည်း တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာဖက်မှာ အမျိုးသမီးတယောက်ကို အရပ်ဝတ်လက်နက်ကိုင်တွေကို ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။