ဖေဖော်၀ါရီ ၊ ၇ ၊ ၂၀၂၅
ကျော်ဟိန်း ( VOM )
စစ်ကိုင်တိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာ တည်ရှိတဲ့ ကသာခရိုင် ၊ ကသာမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ရေးသတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် မြို့ခံပြည်သူအများစုဟာ စစ်ဘေးလွတ်ရာ နေရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကသာမြို့ခံတွေဆီက သိရပါတယ် ။
” ဒီရက်ပိုင်းအတွင်း နှစ်ဘက်စလုံးက တိုက်ပွဲသတင်းတွေ ထွက်ပေါ်လာတယ် ၊ အဲ့ဒါကြောင့်မို့ မြို့ခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အခုဆို မြို့ပေါ်မှာ လူအနည်းငယ်လောက်ပဲ ရှိတော့တယ်၊ အများစုကတော့ ဘေးလွတ်ရာကို ပြောင်းကုန်ကြပြီ ၊ မပြောင်းနိုင်တဲ့သူတွေလောက်ပဲ ကျန်တော့တာ ” လို့ ကသာမြို့ခံတယောက်က်က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ ကသာမြို့ခံအများစုဟာ ၊ မိုးညှင်း ၊ ဗန်းမောက် ၊ ရွေဘို နဲ့ မန္တလေးဘက်ကို ပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်။
” ကသာနယ်မှာ စစ်ရေး အခင်းအကျင်းတွေက အခြေအနေ လုံး၀ မကောင်းဘူး ၊ နောက်ပြီး ကသာနယ်ကို ဒေသခံ လက်နက်ကိုင်တွေက ၀ိုင်းပတ်ပိတ်ဆို့ထားတယ်၊ လမ်းပန်းဆက်သွယ်ရေးတွေလည် ပိတ်ဆို့ခံထားရတယ် ၊ ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒါကြောင့် ကသာမြို့ခံတွေဟာ ကုန်စည်စီးဆင်းမှုမရှိတော့ပဲ စား၀တ်နေရေး ခက်ခဲလာပြီး ၊ အလုပ်အကိုင်တွေ မရှိတော့တာကြောင့်၊ နီးစပ်ရာ မြို့ရွာတွေဆီ ပြောင်းရွေ့သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကသာခရိုင်ထဲက အင်းတော်မြို့နယ် အပါအ၀င် မြို့နယ်ခွဲတချို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားပြီး ၊ ရွေဘို – မြစ်ကြီးနားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက ကလေးမြို့ ၊ ကလေး၀ ၊ တမူးး ၊ တဆည် ၊ ပင်လယ်ဘူး ၊ ရေဦး ၊ ခင်ဦး စတဲ့ လမ်းပိုင်းတွေကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။