စက်တင်ဘာ ၁၈-၂၀၂၃
GG (VOM)
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် အလုပ်ရှင် အလုပ်သမားအကြားစာချုပ်ချုပ်ဆိုမှုကို နယ်တွေမှာခွင့်မပြုတော့ဘဲ ရန်ကုန်မှာပဲ လာရောက်လုပ်ကိုင်ရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားမှုအရ သိရပါတယ်။
” ဟုတ်ပါတယ် ၊အခုလကစပြီး မြောက်ဒဂုံက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာပဲ စာချုပ်ချုပ်ဆိုရမှာပါ၊ အရင်က သက်ဆိုင်ရာနယ်တွေမှာခွင့်ပြုထားပေမယ့်အခုက ရန်ကုန် တစ်ခုတည်းမှာ လုပ်ရတော့မှာပါ။တိုင်းတွေပြည်နယ်တွေမခွဲတော့ဘူး”လို့ ထိုင်းကို အလုပ်သမားစေလွှတ်နေတဲ့ လိုင်စင်ရအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ(၁)ဦးက ပြောပါတယ်။
အလုပ်သမားတွေရှိရာ တိုင်းနဲ့ပြည်နယ်တွေမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်းမလုပ်နိုင်တော့တဲ့အတွက် အလုပ်သမားတွေအတွက် ကုန်ကျစရိတ်ကြီးမြင့်သွားစေတယ်လို့ သိရပါတယ် ။
ထိုင်းကို သွားဖို့စောင့်နေတဲ့ အမျိုးသမီး(၁)ဦးက ” စာအုပ်တွေကလုပ်ပြီးပြီ၊ စာချုပ်တော့မချုပ်ရသေးဘူး။သူတို့အခေါ်ကိုစောင့်နေတာပါ၊ ရန်ကုန်မှာ စာချုပ်ချုပ်ရမယ်ပြောတယ်။ရန်ကုန်သွားရရင် ကားခ ၊စားစရိတ် ၊နေစရိတ် ပိုကုန်မယ်၊အခုက ပိုဆိုးတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ၁ သိန်းလောက်တော့ကုန်မှာပဲ”လို့ ပြောပါတယ်။
အရင်က အလုပ်ရှင် အလုပ်သမား အကြားသဘောတူစာချုပ်ကို ရန်ကုန်တိုင်းမှာဆိုရင် မြောက်ဒဂုံက ခန်းမ၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက အလုပ်သမားတွေအတွက်က ဘားအံမြို့ ၊ပဲခူးတိုင်း အရှေ့ခြမ်းက ပဲခူးမြို့၊ပဲခူးအနောက်ခြမ်းက ပြည်မြို့၊ဧရာဝတီတိုင်းအတွက်က ပုသိမ်မြို့၊မန္တလေးနဲ့စစ်ကိုင်းတိုင်းအပါ ကချင်ပြည်နယ်အတွက်က မန္တလေး ၊ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွက်က ရှမ်းပြည်နယ်မှာပဲ စာချုပ်ချုပ်ဆိုရပြီး ရခိုင်နဲ့ ချင်းပြည်နယ်အတွက်က ချင်းပြည်နယ်မှာစာချုပ်ချုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေကို သက်ဆိုင်ရာမြို့နယ်တွေက သတ်မှတ်နေရာတွေမှာ စာချုပ်ချုပ်နိုင်ကြောင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အသိပေးခဲ့တာဖြစ်ပြီး လက်ရှိ ၈ လအကြာမှာ ပြန်လည်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
အလုပ်သမားစာချုပ် ချုပ်ဆိုတဲ့အခါ အလုပ်သမား၊ အလုပ်သမားအရာရှိ၊ အေဂျင်စီတာဝန်ရှိသူတွေပါဝင်ရမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ စာချုပ်ကို ဓာတ်ပုံရိုက်ကာ သိမ်းထားဖို့လိုကြောင်း၊ အေဂျင်စီကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊အေဂျင်စီနာမည်ကို သိရှိဖို့လိုကြောင်း ဒါမှသာ ပြဿနာတစုံတခုဖြစ်တဲ့အခါ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကအသိပေးထား ပါတယ်။
ထိုင်းကို မြန်မာလုပ်သား MOU စနစ်နဲ့စေလွှတ်မှုကို ၂၀၂၀ မှာ ကိုဗစ်ကြောင့် ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ mou စနစ်နဲ့လုပ်သားတွေ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းကို အလုပ်သမားစေလွတ်ခွင့်ပြုထားတဲ့ တရားဝင်လိုင်စင်ရ အေဂျင်စီ ၁၅၇ ခုရှိတဲ့အနက် ၆ ခုကို ယာယီလိုင်စင်ရပ်ထားပြီး ၁၅၁ ခုကိုလုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။
လက်ရှိမှာ ထိုင်းကို MOU စနစ်နဲ့ လိုင်စင်ရ အေဂျင်စီတွေကတဆင့်ချိတ်ဆက်ကာ အလုပ်သွားလုပ်မယ်ဆိုရင် ကုန်ကျစရိတ်က ၄၅ သိန်းအထိရှိနေပြီး ပွဲစား (ကိုယ်စားလှယ်)ခေါ်ယူမှုနဲ့ တရားမဝင်လမ်းကြောင်းကနေ သွားမယ်ဆိုရင်လည်း သိန်း ၄၀ လောက်အထိ ကုန်ကျမှုရှိနေတယ်လို့သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကတော့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ်ဆိုရင် ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက အလုပ်သမားတစ်ယောက်ကို မြန်မာငွေ ၃ သိန်းနဲ့ ၅၃၉၀ ဘတ် ကုန်ကျမှာဖြစ်ပြီး SSB အကျုံးမဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃သိန်းနဲ့ ဘတ်ငွေ ၇၆၀၀ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သား #စာချုပ်ချုပ်ဆိုသည့်ကဏ္ဍ