မြို့ပြလူထုရဲ့ လူမှု့ဒုက္ခအဖုံဖုံ

SN (VOM)

လူတွေရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ကတော့ စားဝတ်နေရေးဖြစ်ပါတယ်။ လူဆိုတာ အစားအစာ၊ ရေ၊ နေစရာ စတဲ့ အခြေခံလိုအပ်ချက်တွေ ပုံမှန် ရရှိနေမှ နေ့စဥ် အသက်ရှင်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ အခြေခံအကျဆုံး လိုအပ်ချက်သာ မရနိုင်ဘူးဆိုရင် လူတယောက်ဟာ တိုးတက်နိုင်စရာရှိတဲ့ အလားအလာကောင်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။

လက်ရှိမှာတော့ မြန်မာလူထုအနေနဲ့ နေ့စဉ် လူမှုဘဝမှာ ဒီအခက်အခဲတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြန်မာတနိုင်ငံလုံးမှာ လျှပ်စစ်မီး မမှန်တဲ့အပြင် နောက်ဆက်တွဲ ရေမရတဲ့ ပြဿနာကိုပါ ကြုံတွေ့နေကြရတာပါ။ လျှပ်စစ်မီးကို အလှည့်ကျ ပေးနေတာဖြစ်ပေမယ့် အခုနောက်ပိုင်း မီးလာရမယ့်အချိန်တွေ နောက်ကျနေပြီး မီးပျက်ချိန် ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“အရင်ကတော့ မီးက လာရမယ့်အချိန် ပုံမှန်လာပါတယ်။ အခုနောက်ပိုင်း မနက်ပိုင်း ၉ နာရီပျက်ရမယ့်နေ့တွေဆို မနက် ၇ နာရီလောက်ကတည်းက ပျက်သွားတယ်။ ညနေပိုင်း ၅ နာရီ မီးလာရမယ့်ရက်ဆိုလည်း မီးလာချိန်တွေ နောက်ကျလာတယ်။ နေ့ဘက်အချိန်တွေမှာတော့ မီးလာချိန်တော့မှန်ပါရဲ့။ ဒါပေမယ့် လာပြီး ၁၀ မိနစ်လောက်လည်းနေရော မီးကပြန်ပျက်သွားတယ်။ မီးလာလို့ ကပျာကယာ ထမင်းအိုး ထတည်ပေမယ့် ထမင်းတအိုးမကျက်ခင် မီးပျက်သွားတာကတော့ အခုထိ အစဉ်အလာမပျက် ဖြစ်နေတုန်း။ မီးသာအချိန်အကန့်အသတ်နဲ့ ပေးနေတာ။ မီတာဆောင်ရတာကျတော့ နည်းသွားတယ်မရှိဘူး။ အရင် မီးပုံမှန်လာနေတုန်းကအတိုင်း မီတာဆောင်နေရတုန်း”လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်အထိ နေ့စဉ် လျှပ်စစ်ဓာတ်အား ၃,၇၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပြီး ရန်ကုန်တမြို့တည်းက အဲ့ဒီ့ပမာဏရဲ့ ထက်ဝက်ကို သုံးစွဲပါတယ်။ ဒါပေမယ့် နေ့စဉ် ဓာတ်အားထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ၃,၇၁၁ မဂ္ဂါဝပ်ကနေ ၂၀၂၂ ခုနှစ်၊ မတ်လမှာ ၂,၆၅၅ မဂ္ဂါဝပ်ကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

၇၅၀ မဂ္ဂါဝပ်မျှ ထုတ်လုပ်နေတဲ့ LNG သုံး ဓာတ်အားပေးစက်ရုံတွေကို ဆိုင်းငံ့ထားတာဟာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကပင်ဖြစ်ပြီး ဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်မှုကြောင့်လို့ နစက က ပြောထားပါတယ်။ အဲ့ဒီ့ ဓာတ်အားပေးစက်ရုံတွေကို ဟောင်ကောင်အခြေစိုက် CNTIC V Power ရဲ့ LNG သင်္ဘောက ထောက်ပံ့နေတာဖြစ်ပြီး အဲ့ဒီ့သင်္ဘောဟာ မတ်လမှာ မြန်မာနိုင်ငံကနေ အပြီးအပိုင် ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတ်အားပေးလိုင်းတွေ ဖောက်ခွဲခံရတာတွေကြောင့်လည်း ဓာတ်အားမလုံလောက်မှုတွေ ဖြစ်ပေါ်နေရတာလို့ နစက က ပြောပေမယ့် လူထုကတော့ ဒီလိုဖောက်ခွဲခံရမှုတွေ ခပ်စိပ်စိပ်မဖြစ်ခင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၁ နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက မီးပြတ်ချိန်တွေ ပိုများလာခဲ့တာလို့ ပြောဆိုနေကြပါတယ်။

“နစကဘက်ကတော့ အကြောင်းအမျိုးမျိုးပြပြီ မီးပျက်တာပေါ့။ မဟာဓာတ်အားလိုင်း အပြစ်ဖြစ်လို့၊ ဓာတ်အားလိုင်းပေါ် မီးပုံးပျံ ပျက်ကျလို့၊ ဖောက်ခွဲခံရလို့၊ ဖျက်စီးခံရလို့နဲ့ ဖန်တစ်ရာတေနေတဲ့ အကြောင်းအမျိုးမျိုးပြပြီးကို ပျက်နေတာ။ ဒါပေမယ့် မီးက နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ၁ နှစ်လောက်မှာကတည်းကိုက မမှန်တော့တာ။ နောက်ပိုင်း ဆိုးဆိုးရွားရွားကို ပျက်လာတာ။ အချိန်အကန့်သတ်နဲ့ အလှည့်ကျပေးလည်း မီးမမှန်ဘူး။ အလှည့်ကျဆိုပေမယ့်လည်း လျှပ်စစ်မီးက အခုက ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကကျတော့လည်း (၂၃၀)ကေဗွီ သပြေဝ-တောင်တွင်းကြီးမဟာဓာတ်အားလိုင်းအပြစ်ရှိလို့တဲ့။ မီးက တနိုင်ငံလုံးပျက်ပြန်တယ်။ ဒီ နစကလက်ထက်ကျမှ မီးက တနိုင်လုံး ခဏခဏပျက်တာ။ ည ၈ နာရီခွဲလောက်မှ မီးပြန်လာတယ်။ လာတော့လည်း ထုံးစံအတိုင်း လာလိုက်ပျက်လိုက် ဖြစ်နေသေးတယ်။ နောက်နေ့မနက်ကျတော့လည်း မနက် ၇ နာရီလောက်ကတည်းက ပျက်သွားတဲ့မီး ညနေ ၃ နာရီကျမှပြန်လာတယ်။ မီးလာချိန်နည်းတော့ မီးလာတဲ့အချိန်မှာ မီးနဲ့လုပ်ရတဲ့အလုပ်တွေ အမြန်လုပ်ကြရတော့ အိမ်တိုင်းက မီးဝိုင်းဆွဲတယ်။ အဲ့ဒီလို အားလုံးပြုံပြီးဆွဲတော့ ဘရိတ်ကာကျတယ်ဆိုပြီး ချက်ချင်းပြန်ပျက်သွားပြန်ရော။ တလိုင်းအောက်ပြီး လာလိုက်၊ ပျက်လိုက်၊ လာလိုက်၊ ပျက်လိုက်တွေလည်း ခဏခဏဖြစ်၊ အဲ့ဒီတော့ ဘာအလုပ်မှ အဆင်ပြေပြေလုပ်မရနဲ့ ဒီလျှပ်စစ်မီးကြောင့် လူတွေလည်း အတော်ဒုက္ခရောက်နေကြပါပြီ။ ဘယ်လိုပေးနေမှန်းကို မသိတော့ဘူး”လို့ ‌လှိုင်သာယာမြို့နေ ပြည်သူတဦးက ပြောပါတယ်။

လျှပ်စစ်မီး မမှန်ရတဲ့ နောက်ထပ် အခက်အခဲတခုကတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ သဘာဝဓာတ်ငွေ့အခြေခံ ဓာတ်အားပေးစက်ရုံ ၂ GW ကို ခေတ္တ ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ရေအားလျှပ်စစ်အသစ်နဲ့ နေရောင် ခြည်စွမ်းအင်သုံး photovoltaic (PV)လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင် နေပေမယ့် တိုးတက်မှု နှေးကွေးနေတာတွေလည်း ပါဝင်ပါတယ်။

ပြည်တွင်းက ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့တွင်းတွေက ဓာတ်ငွေ့ရရှိမှုတွေဟာလည်း လာမယ့်နှစ်များအတွင်း ထုတ်လုပ်မှုကျဆင်းမှုနဲ့ လျော့နည်းလာမယ်လို့ ကျွမ်းကျင်သူတွေကခန့်မှန်းထားပြီး ကမ်းလွန်ဓာတ်ငွေ့တွင်းသစ်တွေ ဖော်ဆောင်နေတဲ့ နိုင်ငံစုံ ကုမ္ပဏီကြီးတွေ နိုင်ငံထဲက ထွက်ခွာတဲ့အချိန်တွေကလည်း အချိန်ကိုက်တွေ ဖြစ်ပေါ်နေတာလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရ ၂ ဆက်တာကာလ အစောပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာတဲ့ ကမ္ဘာ့ဘဏ်ကနေ လျှပ်စစ်မီးတွေ လုံလုံလောက်လောက်ရရှိဖို့ ၂၀၃၀ ခုနှစ်မှာ လူတိုင်းလျှပ်စစ်မီးရရှိရမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတွေ ဆောင်ရွက်ဖို့ ချေးငွေတွေ ချပေးခဲ့ပါတယ်။

အခုချိန်မှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေဟာ မြန်မာ့လျှပ်စစ်ကဏ္ဍကို ပြင်းထန်စွာ ထိခိုက်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အခုနှစ် စက်တင်ဘာလ နောက်ဆုံးထုတ် စစ်တမ်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေကြောင့် ပျက်စီးနေတဲ့ ဓာတ်အားအခြေခံအဆောက်အအုံတွေရဲ့ ဂယက်ရိုက်ခတ်မှုဟာ သွယ်တန်းမှု စနစ်တခုလုံးရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့လည်း စစ်တမ်းအရ သိရပါတယ်။

လက်ရှိ ဓာတ်အားပေးစက်ရုံတွေရဲ့ ၇၇ ရာခိုင်နှုန်းခန့်ဟာ ပဋိပက္ခတွေနဲ့ ဆက်နွယ်တဲ့နေရာတွေရဲ့ ၁၀ ကီလိုမီတာအတွင်းမှာ ရှိနေတာကလည်း နိုင်ငံအနှံ့ လျှပ်စစ်မီး ခက်ခဲနေမှုတွေရဲ့ ပြဿနာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် မူလက လျာထားခဲ့တဲ့ ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်းလျှပ်စစ်မီးရရှိရေး အလားအလာတွေ မှိန်ဖျော့သွားခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက သုံးသပ်ထားပါတယ်။

လျှပ်စစ်မီးပြဿနာဟာ စီးပွားရေးလုပ်ငန်းတွေကိုလည်း တိုက်ရိုက်သက်ရောက်နေတဲ့အတွက် ဒီဇယ်ဓာတ်ဆီ အစားထိုးသုံးစွဲဖို့ရာမှာလည်း ‌စျေးနှုန်းကြီးမြင့်မှုတွေနဲ့ လိုသလောက်မရတာတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက ပုံမှန်မဟုတ်တဲ့ အခြေအနေတခုမှာ ရှိနေပါတယ်။

လျှပ်စစ်မီး ပြတ်တောက်တဲ့အတွက် စက်ရုံ၊ အလုပ်ရုံကြီးတွေ မဆိုထားနဲ့ အိမ်တွင်းမှုလုပ်ငန်းတွေ၊ အသေးစားစက်မှုလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊မိတ္တူကူးစက်၊ ပုံနှိပ်စက်၊ ရေခဲစက်၊ ရေသန့်စက် စတဲ့ လုပ်ငန်းတွေဟာ အပြည့်အဝ မလည်ပတ်နိုင်တော့ပါဘူး။လျှပ်စစ်မီးတွေကပျက်၊ သွင်းကုန်တွေကန့်သတ်တော့ ကုန်ပစ္စည်းတွေ ရှားပါး ပြတ်လပ်၊ ကုန်စည်တွေရှားပါးပြတ်လပ်တော့ ကုန်စျေးနှုန်းတွေကတက်၊ ကုန်စျေးနှုန်းတွေ တက်တော့ လုပ်အားခတွေတိုးတောင်း၊ တွက်ခြေမကိုက်တဲ့ လုပ်ငန်းတွေကရပ်ဆိုင်း၊ လုပ်ငန်းတွေရပ်ဆိုင်းတော့ ကုန်ထုတ်လုပ်မှုတွေ လျော့ကျ၊ အလုပ်လက်မဲ့တွေများလာ၊ လူတွေဝင်ငွေကျဆင်း စတဲ့ ကွင်းဆက် ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စီးပွားရေးအပြင် လူမှုရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း အဓိက သယ်ယူပို့ဆောင်ရေးမှာ CNG ဂက်စ်ဖြည့်တင်းမောင်းနှင်ရတဲ့ YBS ယာဉ်လိုင်းတွေ ဖြစ်ပါတယ်။

CNG ဆိုင်တွေဟာ ရန်ကုန်တိုင်း၊ မန္တ လေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ တည်ရှိပါတယ်။ အဲ့ဒီ့ တိုင်းသုံးတိုင်းမှာ CNG အရောင်းဆိုင်ပေါင်း ၄၆ ဆိုင်ရှိပြီး CNG ယာဉ်အစီးရေ ၂၈၃၀၁ စီး အတွက် နေ့စဉ်သဘာဝဓာတ်ငွေ့ ၁၉ သန်းကျော် ရောင်းချပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းက CNG ဆိုင်တွေမှာ တချို့ဆိုင်တွေဟာ မီးစက်နဲ့မောင်းနှင်ကာ CNG ဖြည့်တင်းနိုင်ပေမယ့်လည်း အများစုမှာ လျှပ်စစ်မီးရရှိမှသာ ဂက်စ်ဖြည့်တင်းနိုင်တဲ့ဆိုင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

YBS တစီးအတွက် တနေ့ကို မော်တော်ယာဉ်ဂိတ်က သတ်မှတ်ချက်အရ လိုင်းပြေးဆွဲရတဲ့ အကြိမ်ရေမှာ ၄ ကြောင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂက်စ်မလောက်ငှမှု ပြဿနာကြောင့် ယာဉ်အများစုမှာ အခေါက်ရေ အပြည့် ပြေးဆွဲနိုင်ခြင်းမရှိဘဲ နှစ်ခေါက်၊ သုံးခေါက်သာ ပြေးဆွဲနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ YBS ယာဉ်မောင်းတွေဟာ ညအိပ်စောင့်ဆိုင်းပြီး CNG ဖြည့်တင်းရတဲ့ အခြေအနေမှာရှိနေကာ အဲ့ဒီ့လို စောင့်ဆိုင်းရတာကြောင့် ညရေးညတာမှာ ခိုးဆိုးလုယက်မှုတွေနဲ့ မလုံခြုံမှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ရိုက်တာသတင်းဌာနက ပဋိပက္ခတွေကြားက မြန်မာ့စီးပွါးရေးဟာ ဆိုးသထက်ဆိုးလာနေပြီလို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာကို ကိုးကားပြီးရေးသားပါတယ်။ ၂၀၂၃ မှာ မြန်မာ့စီးပွားရေးဟာ ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ မျှော်လင့်နိုင်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လျှပ်စစ်စွမ်းအင် မလုံလောက်မှုတွေ၊ မှားယွင်းတဲ့ မူဝါဒတွေကြောင့် မြန်မာ့စီးပွားရေးကို အကြီးအကျယ်ထိခိုက် ပျက်စီးစေကာ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ကသောင်းကနင်းဖြစ်မှုတွေဖြစ်ပေါ်လာနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။

လက်ရှိကာလမှာတော့ ရန်ကုန် အပါအဝင် မြို့ကြီးအချို့မှာ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရပြီး နိုင်ငံတဝှမ်းက စက်မှုဇုန်တွေမှာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်နေတာပါ။ ဒါ့ကြောင့် အစားထိုးသုံးစွဲရတဲ့ စက်သုံးဆီစျေးတွေလည်း မြင့်တက်နေပြီး ထုတ်လုပ်ရေး အခက်ခဲတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်ခန့်မှစပြီး တနေ့ကို ၃၀၀ မဂ္ဂါဝပ် (MW) ခန့်အထိ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဓာတ်အားထောက်ပံ့မှု-ဝယ်လိုအား ကွာဟချက်ကတော့ ၂၀၂၁ ခုနှစ်ကတည်းက ကျယ်ပြန့်လာခဲ့တာ ဖြစ်ပြီး သဘာဝဓာတ်ငွေ့ (LNG) မှ လျှပ်စစ်ဓာတ်အား လည်ပတ်မှု ရပ်ဆိုင်းထားရတဲ့ အကြောင်းအရင်း များစွာအပြင် ရန်ကုန်မြို့ရှိ စက်ရုံတွေ၊ ရေအားလျှပ်စစ် လှောင်ကန်တွေမှာ မိုးရွာသွန်းမှုနည်းပါးပြီး ရေနည်းပါးမှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ လျှပ်စစ်ဓာတ်အားဖြန့်ချိမှု အနည်းဆုံးနှုန်းရှိပြီး မိသားစုတွေရဲ့ ၅၀ ရာခိုင်နှုန်းသာ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ သိရပါတယ်။

“နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာဟာ လူနေမှုအဆင့်အတန်းမှီနေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊ သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိကတည်နေတာပါ။ လျှပ်စစ်မီး ပုံမှန်မရဘူး။ လုံလောက်စွာ မရဘူးဆိုရင် စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။ လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမယ်။ နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာ ဖြစ်ပါတယ်။ နစကလက်ထက်မှာ နိုင်ငံခြားအရံငွေကြေး နည်းပါးလာတဲ့အတွက် သွင်းကုန်တွေကန့်သတ်ပါတယ်။ ဒီဇယ်၊ဓာတ်ဆီ တင်သွင်းတာကိုလည်း ကန့်သတ် လျှော့ချပါတယ်။ဒါကြောင့် ဒီဇယ်ဓာတ်ဆီ ရှားပါးပြီး စျေးကြီးကာ ဝယ်ရခက်လာပါတယ်။ ဒါက လူထုအနေနဲ့ နေ့စဉ်နေ့တိုင်း ခံစားနေရတဲ့ ဒုက္ခတွေပါ”လို့ နိုင်ငံရေးလေ့လာစောင့်ကြည်သူတဦးက ပြောပါတယ်။

အဲ့ဒီ့လို လျှပ်စစ်မီး ပြတ်တောက်မှုအပြင် မြန်မာပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ နောက်ထပ် အခက်အခဲတခုကတော့ ရေပြတ်လပ်မှုဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းတက်လာတာ အပါအဝင် မီးပျက်၊ ရေပြတ်ဒုက္ခကလည်း ပြည်သူတွေအတွက် ကြီးမားတဲ့ အခက်အခဲတခု ဖြစ်လာနေပါတယ်။ ရန်ကုန်မြို့တွင်းနေထိုင်သူတွေအနေနဲ့ ဂျိုးဖြူရေ၊ အဝီစိတွင်းရေတွေကိုသာ အားကိုးနေရပြီး မီးလာမှသာ ရေတင်လို့ရတာကြောင့် အခုလို ဒုက္ခတွေကြုံကြရတာပါ။ မီးလာတယ် ဆိုပေမယ့် မီးအားမပြည့်တဲ့အပြင် မီးလာတဲ့အချိန် စုပြုံပြီး ရေတင်ကြရတဲ့အတွက် ရေတင်စက်တွေ လောင်ကျွမ်းတာတွလည်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ခန့်မှန်းခြေ လူဦးရေ ၇ သန်းနီးပါး နေထိုင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ တိုက်ခန်းတွေ၊ အိမ်ရာတွေမှာ နေထိုင်သူတွေလည်း ရှိကြပါတယ်။ လူဦးရေ များပြားလာတာနဲ့အမျှ ရေလိုအပ်ချက်တွေလည်း မြင့်မားနေတဲ့အပြင် မီးပြတ်တောက်မှုကြောင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အဲ့ဒီ့လိုပဲ မြောက်ဒဂုံမြို့နယ်အတွင်းမှာလည်း ရေလုံးဝမလာတဲ့ နေရာတွေ ရှိနေပြီး ရေ ၁ စည် ၈၀၀ ကျပ်နဲ့ ရေဝယ်သုံးနေရတဲ့သူတွေရှိသလို ရေစည်လှည်းတွေနဲ့ ရေတစ်စည်ကို ၁၀၀၀ နှုန်းနဲ့ ရေဝယ်ယူသုံးစွဲရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“‌ရေစည်တွန်းလှည်းနဲ့ ဆိုတာက လိုက်ထည့်‌ပေးတာ မဟုတ်ဘူး။ ကိုယ်တိုင်သွားတွန်းရတာ။ အဲ့ဒါတောင် ၁၀၀၀ ပေးဝယ်ရတယ်။ အရင်ကတော့ မီးလာလို့ ရေထတင်ပေမယ့် ရေမပြည့်ခင် မီးပြန်ပျက်သွားတာလေး ကြုံနေရသေးတယ်။ အခုကတော့ အရှင်းကို မလာတော့တာ ၂ နှစ်နီးပါးရှိပြီ။ ရေပိုက်က ဘယ်နေရာမှာ ဘာဖြစ်နေလဲတော့ မသိဘူး။ ပြင်ဖို့ကိုလည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ရေသာ ပုံမှန်မလာတာ၊ ရေမီတာကတော့ သူကောက်ရမယ့်အချိန် ပုံမှန်လာတယ်”လို့ မြောက်ဒဂုံမြို့နယ်က အိမ်ရှင်မတဦးက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)ကတော့ ရန်ကုန်မြို့ကို ရေပေးဝေတဲ့ နေရာတွေမှာ ဓာတ်အားပြတ်တောက်မှု မရှိစေဖို့ စီစဉ်ထားပြီး ရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရင် ရေသယ်ယာဉ်တွေနဲ့ ဖြန့်ဖြူးပေးနေတယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ကို အဓိက ရေပေးဝေနေတဲ့ ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ်၊ ရေလှောင်ကန်ကြီးတွေနဲ့ လဂွန်းပြင်ရေတွန်းစက်ရုံတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်‌တောက်မှု မရှိစေဖို့ YESC မှ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် YCDC အနေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့အခါ ရေပေးဝေမှု ရပ်တန့်မှုမရှိဖို့အတွက် မီးစက်တွေမောင်းနှင်ပြီး ရေပေးဝေသလို Solar System နဲ့လည်း ရေပေးဝေလျက်ရှိတယ်လို့ အသိပေးထားတဲ့အပြင် ရေဂါလံ ၄ဝဝ ဆံ့မှ ဂါလံ ၃ဝဝဝ ဆံ့အထိ စုစုပေါင်း ရေသယ်ယာဉ် (၅၅)စီးနဲ့လည်း ရေပေးဝေလျက်ရှိတယ်လို့ သိရပါတယ်။

YCDC အနေနဲ့ ရေပြဿနာနဲ့ပတ်သက်လို့ နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းပေးနေပါတယ်လို့ ဘယ်လိုပင် ပြောဆိုထားသော်ငြားလည်း ရေရရှိရေးအတွက်ကတော့ အခက်အခဲတွေ ဖြစ်ပေါ်နေဆဲပါ။

“မီးမလာလို့ ရေဝယ်ရရင် ရေတစ်စည်ကို ၄ လွှာအထိကို ကျပ် ၃၅၀၀ နဲ့ ဝယ်ထည့်ရတယ်။ မီးမလာတဲ့အချိန် ရေလာရင် မီးစက်ငှား ရေတင်တာက ၁ နာရီ ကျပ် ၅၀၀၀ ရှိတယ်။ မီးလည်းမလာ ရေလည်းမလာရင်တော့ ၁ စည် ၃၅၀၀ နဲ့ ဝယ်သုံးကြရတာပဲ”လို့ လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်မြို့နေ လူတန်းစား အများစု စိုးရိမ်ကြတာ မီးပျက်တဲ့ ဒုက္ခထက် ရေမရမယ့် ဒုက္ခကိုပါ။ ရေပေးဝေမှုစနစ်ကို အားပြုအသုံးပြုနေရသူတွေကတော့ မီးပျက်တဲ့အချိန်နဲ့ ရေလာတဲ့အချိန် တိုက်ဆိုင်ခဲ့ရင် တနေ့တာ ရေရနိုင်မယ့်အခွင့်ရေး ဆုံးရှုံးကြရတာဖြစ်ပါတယ်။ အထပ်မြင့်တိုက်တွေမှာ တနေ့လောက် မီးမလာတာနဲ့ ရေမရလို့ ထမင်းဟင်းချက်ဖို့၊ ဆေးကြောလျှော်ဖွပ်ဖို့၊ ရေချိုးဖို့နဲ့ အယုတ်စွဆုံး အိမ်သာသုံးဖို့တောင် ရေအခက်အခဲဖြစ်ကြရပါတယ်။

အရင်ကတော့ ရေမလာ၊ မီးမလာရင် ကြိုတင် အကြောင်းကြားတာမျိုး၊ ဘယ်နေ့ဘယ်ရက် မီးပြန်လာမယ်၊ ရေပြန်လာမယ်လို့ အသိပေးတာမျိုး ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အဲ့ဒီ့လို အသိပေးမှုတွေမရှိတော့ဘဲ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းကို ပျက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ကြိုတင် အသိပေးမှုတွေ ရှိခဲ့တဲ့အချိန်တုန်းကတော့ ပြည်သူတွေအနေနဲ့ လျှော်ဖွပ်ဆေးကြောစရာတွေကို ကြိုတင် လျှော်ဖွပ်ထားနိုင်ပြီး ပန်းကန်ဆေးကြောရ သက်သာအောင် တခါသုံးပန်းကန်တွေ၊ ခွက်၊ ဇွန်းတွေ ဝယ်ယူထားသူတွေလည်းရှိတာတွေ့ရပါတယ်။ ဒါ့အပြင် ပိုက်ဆံရှိသူတွေကတော့ မီးစက်တွေဝယ်၊ ရေကန်အသစ်တွေ ထပ်တင်နဲ့ ရေကို သိုလှောင်ကြပါတယ်။ အသင့်တင့် တတ်နိုင်သူတွေကလည်း ရေတိုင်ကီတွေ၊ ရေပုံးတွေ၊ ဇလုံတွေ ထပ်ဝယ်ပြီး ရေစုဆောင်းကြပါတယ်။ မရှိမရှားမိသားစုတွေကတော့ ရှိသမျှ အိုးခွက်၊ ပန်းကန်ခွက်ယောက်တွေနဲ့ ထည့်လို့ရသမျှ ထည့်ကာ ရေသိုလှောင်ကြပါတယ်။

ဒါပေမယ့် လက်ရှိကာလမှာတော့ နစကအနေနဲ့ အရင်ကလို ကြိုတင်အသိပေး အကြောင်းကြားတာမျိုးတွေ မရှိတော့တာကြောင့် အရင်ကထက်ပိုတဲ့ လူမှုဒုက္ခအဖုံဖုံကို ပြည်သူတွေ တွေ့ကြုံ ခံစားနေကြရတာ ဖြစ်ပါတယ်။ ရေအခက်အခဲတွေကြောင့် အချိန်ပိုင်းမီးစက်ငှားရမ်းပြီး ရေတင်ရတာတွေအပြင် ရေစည်လှည်းတွေနဲ့ ရေဝယ်ယူသုံးစွဲရတာတွေပါ ဖြစ်လာပါတယ်။

လက်ရှိ ရန်ကုန်မြို့အတွင်း ရေပေးဝေမှုအနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ နယ်နိမိတ်အတွင်းရှိ မြို့နယ်တွေကို လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်တွေနဲ့ အဝီစိတွင်းတွေ စတဲ့ ရေအရင်းအမြစ်တွေကနေ နေ့စဉ် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက် ရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ရေပေးဝေမှု ပမာဏအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို မြေပေါ်ရေမှ ရရှိပြီး၊ ကျန် ၁၀ ရာခိုင်နှုန်းကို မြေအောက်ရေမှ ထုတ်ယူ အသုံးပြုထားပါတယ်။ ရန်ကုန်မြို့ကို ရေပေးဝေလျက် ရှိတဲ့ ရေပမာဏရဲ့ ၆၆ ရာခိုင်နှုန်းခန့်ဟာ ငမိုးရိပ်ဆည် ရေပေးဝေရေးစနစ်မှ ရယူထားတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ဂျိုးဖြူရေပို့ပိုက်မကြီးနဲ့ ရေကူးရေတွန်း စက်ရုံက တဆင့် ရေပေးဝေတဲ့မြို့နယ်တွေကတော့ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ကမာရွတ်မြို့နယ်တို့ဖြစ်ပြီး ကုက္ကိုင်းရေလှောင်ကန်မှ တဆင့် ရေ‌ပေးဝေလျက်ရှိတဲ့ မြို့နယ်တွေမှာ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်တို့ဖြစ်ကာ လဂွန်းပြင်ရေပေးဝေရေးမှ ရေပေးဝေလျက်ရှိတဲ့မြို့နယ်ကတော့ တောင်ဒဂုံမြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း နေထိုင်သူတွေ အားထားအသုံးပြုရတဲ့ ဂျိုးဖြူနဲ့ အဝီစိရေဟာ မီးလာမှပဲ ရေတင်လို့ရတာကြောင့် အခုလို အခက်အခဲတွေ ရင်ဆိုင်ရတာပါ။ အထပ်မြင့်တိုက်တွေမှာ အများဆုံးနေထိုင်ကြတဲ့ ရန်ကုန်မြို့ဟာ မီးပြတ်တောက်မှု များလာတာကြောင့် စားရေးသောက်ရေးနဲ့ ရေတင်မရတာတွေ စတဲ့ အခြေအနေတွေကို အများဆုံး ရင်ဆိုင်နေရပါတယ်။

နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှု အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊ သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိကတည်နေတာပါ။ လက်ရှိ နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်မီးပုံမှန် မရတာ၊ ရေပြတ်တာတွေကလည်း လူတွေရဲ့ နေ့စဥ်ဘဝကို ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နေသလို နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်တာ တွေ့ရပါတယ်။ မီးပျက်လို့ အလုပ်တွေလည်း မလုပ်ရ၊ အမှောင်ထုနဲ့ပဲ ရင်ဆိုင်နေရမယ်ဆိုရင် လူတွေ စိတ်ဓာတ်ကျမှုကို ခံစားရမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် မလိုအောင်ပါ။

နိုင်ငံတဝန်းမှာ အိမ်ထောင်စုပေါင်း ၁၁ သန်းနီးပါး ရှိတဲ့အထဲက လျှပ်စစ်အားသုံးစွဲတဲ့ အိမ်ထောင်စုပေါင်း ခုနစ်သန်းနီးပါးရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ နေ့စဥ်အလှည့်ကျ မီးဖြတ်တဲ့စနစ်ကြောင့် ထမင်းဟင်းချက်တဲ့ကိစ္စကနေ အိမ်တွင်းအသေးစားလုပ်ငန်းတွေ၊ အကြီးစား စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီလုပ်ငန်းတွေအထိ ဆိုးဆိုးရွားရွား နေ့စဉ်ထိခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပြည်သူတွေရဲ့ဘဝဟာ ဆင်းရဲကျပ်တည်းလာပြီး စားဝတ်နေရေးအတွက် အရင်ကထက် နှစ်ဆသုံးဆပိုပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒီလို အဆင်မပြေမှုကြားမှာ ဘူးလေးရာဖရုံဆင့် ဆိုသလို လျှပ်စစ်မီးပုံမှန်မရတဲ့ ပြဿနာ၊ ရေမရတဲ့ ပြဿနာတွေကြောင့် နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုဘဝထိခိုက်မှုတွေကို ပြည်သူလူထုအနေနဲ့ အလွန်အမင်း စိတ်ပျက်နေကြပါတယ်။ ။

#voiceofmyanmar #VOM #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW