ဆူးငှက်
၁၉၈၅ ခုနှစ်ကျော်လ ကျွန်တော်နှင့် အစ်မဖြစ်သူ ရန်ကုန်သွားတိုင်း အင်းစိန်ရှိ ဆရာစိန်ခင်မောင်ရီတို့ အိမ်သိုရောက်ဖြစ်သည်။ ဆရာ့ဇနီး အန်တီဒေါ်သန်းသန်းချက်ကျွေးသော ထမင်းကို အမြဲစားရသည်။ ဤသို့ရင်းနှီးခဲ့သော ဆရာစိန်ခင်မောင်ရီနှင့် ဇနီးဒေါ်သန်းသန်းတို့က ၁၉၈၇ခုနှစ် နှစ်လယ်လောက်တွင် မန္တလေးသို့ လာကြမယ်တဲ့။ ကျွန်တော်က ဆရာတို့ဇနီးမောင်နှံကို အိမ်မှာပဲ တည်းဖို့ ဖိတ်ခေါ်ထား၏။ တကယ်တော့ ဆရာစိန်ခင်မောင်ရီတို့ မန္တလေးလာမည် ဆိုသည်က ရန်ကုန်က ဗီဒီယိုရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့နှင့် အတူ လိုက်ပါလာခြင်းဖြစ်သည်။
ထိုစဉ်ကာလ ဗီဒီယိုဇာတ်ကားသစ်တွေ အများအပြားရိုက်ကူးကြသည့် ကာလဖြစ်သည်။ မင်းသားသစ် မင်းသမီးသစ်တွေလည်း အများအပြား ထွက်လာသည်။ ယခု မန္တလေးလာရိုက်မည့် ဗီဒီယိုကားက မန္တလေးဇာတ်အိမ် အဓိကဖြစ်သည်။ ဝတ္ထုဇာတ်ညွှန်းက စာရေးဆရာ ကာတွန်းဆရာ ကံချွန်ဖြစ်သည်။ ဒါရိုက်တာကလည်း နာမည်ကြီး၊ တွဲဖက်ဒါရိုက်တာက လည်း နာမည်ကြီးဖြစ်ပြီး မင်းသားက သုမောင် နှင့် မင်းသားသစ်တစ်လက်ဖြစ်ကာ မင်းသမီးက ချစ်ချစ်ဇော်နှင့် ချယ်ရီသင်းတဲ့။ ဇာတ်ကား နံမည်က “မောင်အရင်လို မဟုတ်တော့ဘူး”တဲ့။
ဇာတ်ကား ထုတ်လုပ်သူက မင်းသားသစ်လေး ဖြစ်၏။ သူက ပဲခူးကဖြစ်သည်။ မန္တလေးဇာတ်အိမ်နောက်ခံတွင် တောင်ပြုန်းပွဲလည်း ပါသောကြောင့် တောင်ပြုန်းပွဲကျင်းပသည့် ဝါခေါင်လဆန်းနှင့် ချိန်၍ ရိုက်ကူးကြ၏။ ထုတ်လုပ်သူ မင်းသားလေးက သူ့ရိုက်ကွင်းသို့ ဆရာစိန်ခင်မောင်ရီကို လိုက်ပါကြည့်ရှု အကြံဉာဏ်ပေးစချင်သည်။
ရိုက်ကူးရေးမစမီ ကြိုတင်ပြင်ဆင်ညှိနှိုင်းကတာက ကျွန်တော့်အိမ်ဖြစ်သည်။ ထို့ကြောင့် မနက်တစ်ကြိမ် ညနေတစ်ကြိမ် အိမ်မှာ ဒါရိုက်တာ မင်းသား မင်းသမီးအစုံအလင်နှင့် ပရိသတ်ကလည်း အပြည့်ဖြစ်၏။ ထိုသို့ ညပိုင်း အိမ်မှာ စကားပြောကြလျှင် မင်းသမီးများဖြစ်ကြသော ချစ်ချစ်ဇော်နှင့် ချယ်ရီသင်းက စာအုပ်ဆိုင်ကောင်တာမှာ ဝင်ထိုင်ပြီး ကူကြသည်။ စာအုပ်ငှား ကာလသားများက မပြန်တော့။ ချယ်ရီမဂ္ဂဇင်းကိုပဲ တွင်တွင်မေးနေကြတော့သည်။ ကျွန်တော်တို့က ချယ်ရီကို သိပ်ကြိုက်တာ၊ ဒီည ချယ်ရီရမှဖြစ်မှာ၊ ချယ်ရီကို အသည်းစွဲပဲ ဟူသော စကားတွေကို အလုအယက်ပြောကြသည်။ ရွှေမန်းသဘင်က မင်းသမီးချယ်ရီသင်းက ရုပ်ရေရော ကိုယ်လုံးကိုယ်ပေါက်ရော အတော်လှတော့ ဗီဒီယိုဇာတ်ကားတွေမှာလည်း သူက နေရာရနေသည်။
ဗီဒီယိုကားကို တောင်ပြုန်းပွဲ ချိုးရေတော်သုံးသည့်နေ့မှာ စရိုက်သည်။ ဆုတောင်းပြည့်ဘုရားမှာရော နတ်နန်းမှာရော တိုးမပေါက်သည့်အချိန် ရိုက်ရတော့ အဆင်မပြေ၊ မင်းသမီး၏
မိတ်ကပ်ဆရာမာမီနှင့် မင်းသမီးဘေး ဇွတ်တိုးဝှေ့နေသည့် အမူးသမားတစ်ယောက်တို့ ခိုက်ရန်ဖြစ်ပြီး ရိုက်ကွင်း ဖျက်လိုက်ရသည်။ နောက်ရက်တွေ စစ်ကိုင်းတောင်မှာလည်း ရိုက်သည်။ တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာလည်း ရိုက်သည်။ ဈေးချိုမှာလည်းရိုက်သည်။ ရန်ကင်းတောင်မှာလည်း ရိုက်သည်။ ရိုက်ကွင်းတိုင်းသို့ ကျွန်တော်လိုက်ရသည်။
ထိုသို့ လိုက်ပါရိုက်ကူးရစဉ် အမှတ်တရ တစ်ခု ရှိခဲ့သည်။ ဇာတ်ဝင်ခန်း တစ်ခန်းမှာပေါ့။
ထိုဇာတ်ဝင်ခန်းက ကျွန်တော့်အိမ်မှာဖြစ်သည်။ အိမ်မှာရိုက်ကွင်းဆင်မှာမို့ မရိုက်မီ ရှုတင်မန်နေဂျာနှင့် တွဲဖက်ဒါရိုက်တာက ကြိုတင်ကာ ရိုက်ကွင်းကိုပင်ဆင်သည်။ ဇာတ်ဝင်ခန်းက မင်းသမီး၏အိမ်ကို မင်းသားနှင့်သူငယ်ချင်းက လာလည်သည့် အခန်းဖြစ်၏။ မန္တလေးသူ မင်းသမီး၏ အိမ်သို့ တောင်ပြုန်းပွဲလာရင်း ရင်းနှီးသည့် တစ်နယ်သား မင်းသားက လာလည်မည်။ မင်းသားက သူ့သူငယ်ချင်း မြို့ခံနှင့်အတူ ကျုံးဘေးတစ်လျှောက် စက်ဘီးစီးရင်း ကျုံးဘေးနှင့် အနီးက မင်းသမီးအိမ်သို့ လာမည်။ မင်းသမီးအိမ်ရောက်တော့ ဧည့်ခန်းက ထိုင်စောင့်၊ မင်းသမီးက တိုက်အပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာ၊ မထင်မှတ်သော ဧည့်သည်မို့ အံ့အားသင့်၊ ဧည့်ခန်းထိုင် စကားပြောသည့် အခန်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော့်အိမ် ဧည့်ခန်းက ဆက်တီတွေမှာ အစွပ်အသစ်တွေလဲ၊ ပန်းအိုးတွေချ၊ ပြတင်းပေါက် လိုက်ကာတွေ လဲ၊ ဆက်တီစားပွဲအောက်က တိုလီမုတ်စတွေ ရှင်း စသည်ဖြင့် တွဲဖက်ဒါရိုက်တာ၏ ညွှန်ကြားချက်အတိုင်း ဆက်တင်မန်နေဂျာက ဆောင်ရွက်သည်။
ထိုစဉ်က ကျွန်တော့်အိမ်မှာ မန္တလေးတက္ကသိုလ်တွင် အဆောင်နေ ကျောင်းတက်ကြသည့် တူမ၂ယောက်၏ ဖီးဆင့် စက်ဘီးက ၂စီး၊ ကျွန်တော်စီးနေကျ ညွန့်ပေါင်းမြင်းခြံဘောင်နှင့် မိန်းမစီး စက်ဘီးက ၁စီးနှင့် ကိုလှဘော် မန္တလေးလာလျှင် စီးသည့် ဟန်းဘားယောက်ျားစီး စက်ဘီးကြီးတစ်စီး ပုံစံစုံ စက်ဘီး၄စီးရှိသည်။ ထိုစက်ဘီးများကို အပေါ်ထပ်မှ ဆင်းလာသည့် လှေကား၏ တစ်ဆစ်ချိုးအောက် လွတ်နေသည့်နေရာမှာ ၄စီးယှဉ်၍ ထောင်ထားသည်။ ထိုစက်ဘီး ၄စီးက ရိုက်ကွင်းမှာ ပါနေသောကြောင့် တွဲဖက်ဒါရိုက်တာက အပြင်ထုတ်ခိုင်းနေ၏။
ထိုသို့ ပြင်ဆင်နေသည်ကို ကျွန်တော်နှင့် ဆရာစိန်ခင်မောင်ရီက အိမ်ရှေ့မှာ ရပ်ရင်း စကားပြောနေကြရာကမြင်နေရသည်။
စက်ဘီးတွေရှင်းနေတော့ ဆရာက ကျွန်တော့်နား တိုးတိုးကပ်ပြောသည်။
“မောင်ကျော်ဆန်းရေ..၊ အဲ့ဒါသာ ကြည့်တော့ကွ၊ ဒို့က ရေးပြန်ရင်လည်း ဒို့အဆိုးလို့ ပြောကြဦးမှာ၊ မြန်မာဒါရိုက်တာများ အဲ့လောက်ညံ့ကြတာ။ ကြည့်လေ၊ ဇာတ်အိမ်တည်တာ မန္တလေး၊ အခုရိုက်ကွင်းက မန္တလေးက မင်းသမီးအိမ် ရိုက်ကွင်း၊ မန္တလေးက အိမ်တွေဆိုတာ တစ်အိမ်မှာ မရှိဘူးဆိုရင် စက်ဘီးက ၂စီးတော့ရှိကြတာချည်းပဲကွ၊ တဲနဲ့နေသူမှာလည်း စက်ဘီးရှိတာပဲ။ တိုက်နဲ့ နေသူမှာလည်း စက်ဘီးရှိတာပဲ။ စက်ဘီးတွေရှိမှ မန္တလေးအိမ် ပီပြင်မှာပေါ့ကွ။ အခု မင်းအိမ်က လှေကား အောက်မှာ ထောင်ထားတဲ့ စက်ဘီး၄စီးက ဒီအိမ်မှာ ကျောင်းသူအပျိုလေးတွေလည်းနေတယ်။ အဒေါ်အရွယ်လည်း နေတယ်။ အဖေလို ဦးလေးလို ယောက်ျားသားလည်း အတူနေတယ်ဆိုတာ ပြောစရာမလိုအောင် သရုပ်ပီတာ၊ ဇာတ်ဝင်ခန်းနဲ့လည်း ကွက်တိ။ ဒီစက်ဘီးတွေ မရှိတောင် သေချာ ရှာထည့်ရမှာ။ အခုတော့ကွာ အသင့်ရှိနေတာတောင် နားမလည်တော့ ရှင်းပစ်နေတာကွ။ ညံ့လိုက်ကြတာ..”ဟု ဆရာစိန်ခင်မောင်ရီက ရှင်းပြသည်။
ထိုစဉ်ကာလ ဆရာစိန်ခင်မောင်ရီက သောင်းပြောင်းထွေလာ မဂ္ဂဇင်းတွင် ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ဟူသော ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပယ်ပယ်နယ်နယ်ရေးနေချိန်ဖြစ်သည်။ ဆရာ့ဆောင်းပါးများ လက်စောင်းထက် လိုက်ပုံမှာ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်လိုက်သဖြင့် ထုတ်လုပ်သူက လူမိုက်ငှား၍ ရိုက်မယ်နှက်မယ်အထိ ချိမ်းခြောက်သည် အထိ ဖြစ်သည်။
ကျွန်တော်ကတော့ ရှားရှားပါးပါး ဗီဒီယိုရိုက်ကွင်းဖြစ်သွားသည့် ကျွှန်တော့်အိမ်က အမယ်စုံ
စက်ဘီးများနှင့် ဆရာစိန်ခင်မောင်ရီ၏ မန္တလေးအိမ်အပြင်အဆင်အကြောင်းကို အခုထိ သတိရနေမိပါသည်။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး