အောက်တိုဘာ ၁ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ပစ်သတ်ခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ( ၂၃) ယောက်ရှိခဲ့တယ်လို့မှတ်တမ်းတွေအရ သိရပါတယ်။
” ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ဘုတလင်မြို့ပေါ်မှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ကြပ် ဖိုးထူးဆိုသူ ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ် ၊ ၁၃ ရက်နေ့မှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာမှာ မိဘတွေဆီ အလည်ပြန်လာတဲ့ တံတာဦးလေဆိပ်က ဒုရဲအုပ် သန်းမင်းစိုးတို့ လင်မယား ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ည ၁၁ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့မှာ လုံခြုံရေးတာဝန်ကြနေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လက်နက် ၄ လက်ပါသွားတယ် ၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က အဲ့ဒီ ဒီပဲယင်းမြို့မှာ ကင်းစောင့်ပြီး ရဲစခန်းကိုပြန်ဝင်လာတဲ့ တပ်ဖွဲ့ဝင် ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ် ၊ အဲ့ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ ဒီပဲယင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘုတလင်မြို့ပေါ်မှာလည်း ကင်းစောင့်ပြီး ရဲစခန်းပြန် ဝင်လာတဲ့ ရဲအုပ် မျိုးလွင်းနဲ့ တပ်ဖွဲ့ဝင် ၁ ဦး ၊ ပေါင်း ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ် ” တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင် ရပ်ကွက် ၊ မြို့နယ် စုပေါင်းရုံးနားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး လက်နက် ခဲယမ်းတွေ ပါသွားတယ်လို့ ပြောပါတယ်။
ဒိအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ကောလင်ခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးပစ်သတ်ခံရပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်သတ် လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး နေပြည်တော် ရဲချုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” လွိုင်ကော်မှာ တာဝန်ကျနေတဲ့ ရဲအုပ် အောင်သက်ထွေး ဆိုသူလည်း ရန်ကုန် ရွှေပြည်သာမှာ ၁၃ ရက်က ပစ်သတ်ခံရတယ်၊ နောက်ပြီး စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက မွန်ပြည်နယ် ၊ ရေးမြို့ ၊ အောင်သုခ ရပ်ကွက်ထဲမှာ ကားနဲ့လာတဲ့ သတင်းရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စု ၁၁ က ရဲအုပ် မြင့်လွင် ဆိုသူ ပစ်သတ်ခံရတယ်၊ စက်တင်ဘာ လထဲမှာ စစ်ကိုင်းတိုင်းမှာလည်း တပ်ဖွဲ့ဝင်တွေ ကျဆုံးတာနဲ့ ပျောက်ဆုံးတာတွေရှိတယ် ၊ ပြီးခဲ့တဲ့ ၂ ကျော်ကလအတွင်း အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၂ဝဝ ကျော် သေတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ စစ်ကိုင်းတိုင်းထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ( ၂၃) ဦးသေဆုံးခဲ့တဲ့အပြင်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ် ၊ အဲ့ဒီ အပြင် စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးပြီး ၊ ၄၀၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ လုံခြုံရေးအတွက် နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်း အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်ထားသူတွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလို့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ ဒေသတွင်း လက်နက်ကိုင်တွေဘက်က မြင်းမူမြို့နယ် ခြေရာတော်ရွာနဲ့ ချောင်းဦးမြို့နယ် ၊ မကျီးခွ ၊ မင်းတည်ရွာ ထိတွေ့တိုက်ပွဲတွေအပါအဝင် တိုက်ပွဲတွေအတွင်းလူပေါင်း ၁၀၂ ယောက် သေဆုံးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး ၂ ဘက် သေကြေရသလို ဒေသခံ ပြည်သူတွေလည်း နှစ်ပေါက် ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။